“တောင်ငူမြို့ရှိ ကေတုမတီမြို့ဟောင်းကို ယဉ်ကျေးမှုအမွေအနှစ်ဒေသအဖြစ် သတ်မှတ်”

10 Jun

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်းရှိ မြို့ရိုးနဲ့ကျုံးတို့ တည်ရှိရာဒေသကို ယဉ်ကျေးမှု အမွေအနှစ်ဒေသအဖြစ် သတ်မှတ်လိုက်တယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက သိရပါတယ်။ ယဉ်ကျေးမှု အမွေအနှစ်ဒေသတွေ ကာကွယ်ထိန်းသိမ်းရန်အတွက် သတ်မှတ်လိုက်တာဖြစ်ပြီး သတ်မှတ်လိုက်တဲ့ အတိုင်းအတာက တောင်ငူမြို့ရိုးကစပြီး မြို့ရိုးအတွင်းနဲ့ မြိုရိုးအပြင်ဘက်နေရာတွေကို သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ ယခုလို သတ်မှတ်လိုက်ခြင်းကြောင့် ယဉ်ကျေးမှုအမွေအနှစ်တွေ ရေရှည်တည်တံ့လာပြီး ဒေသခံတွေအနေ နဲ့လည်း ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းတတ်လာစေနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပဲခူးဌာနခွဲက တာဝန်ရှိသူထံမှ သိရပါတယ်။ ကေတုမတီမြို့ဟောင်းရှိ မြို့ရိုးကို အုတ်ချပ်ပေါင်း ၃၈၇ သိန်းကျော်နဲ့ တည်ဆောက်ထားပြီး အုတ်မြို့ရိုးရဲ့ အတွင်းဘက်မှာ မြို့ရိုးကို ပိုမိုကြံ့ခိုင်စေရန်အတွက် မြေသားများနဲ့ ထောက်ပိုးထားကာ မြို့ရိုးရဲ့အပြင်ဘက်မှာတော့ ရေကျုံး၊ နွံကျုံးတို့နဲ့ ဝန်းရံထားတာဖြစ်တယ်လို့ သိရပါတယ်။ ကေတုမတီမြို့ဟောင်းရှိ မြို့ရိုးနဲ့ကျုံးတို့ တည်ရှိရာဒေသကို ယဉ်ကျေးမှုအမွေအနှစ်ဒေသအဖြစ် သတ်မှတ် ခြင်းကို သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာနက အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၂၅ ဖြင့် ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံအတွင်း ယဉ်ကျေးမှုအမွေအနှစ်ဒေသအဖြစ် သတ်မှတ်ထားတဲ့ စုစုပေါင်းဇုန် ၄၉ ဇုန်ရှိပြီ ဖြစ်ပါတယ်။ (NVS-004)

10 Jun

ADVERTISE HERE .