“ငလျင်ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးရန်ပုံငွေပွဲအဖြစ် ဆယ့်နှစ်ပွဲဈေးသည်များ၏ စုပေါင်းဈေးရောင်း ပွဲတော်ကျင်းပမည်”
09 Jun
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ငလျင်ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးရန်ပုံငွေပွဲအဖြစ် ဆယ့်နှစ်ပွဲ ဈေးသည်များ၏ စုပေါင်းဈေးရောင်းပွဲတော်ကို အမှတ် (၁၄) ရပ်ကွက်ရှိ သီဟိုဠ်ရှင်ဘုရားပွဲတော်ကျင်းပရာနေရာများ၌ ဇွန်လ၇ ရက်မှ ၁၈ ရက်အထိ ၁၂ ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ စုပေါင်းဈေးရောင်းပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ဈေးသည်များ၊ ဒေသခံဈေးသည်များ စုပေါင်း ရောင်းချခြင်းဖြစ်ပြီး ပွဲတော်အတွင်း ခေတ်ပေါ်အဝတ်အထည်ဒီဇိုင်း အရောင်းဆိုင်များ၊ ချက်ပြုတ်ရေးသုံးပစ္စည်း အရောင်းဆိုင်များ၊ အညာဒေသထွက် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များ၊ တောင်သူလယ်သမားသုံး ပစ္စည်းအရောင်းဆိုင်များ၊ ကလေးကစားစရာစ္စည်းအရောင်းဆိုင်များ၊ မုန့်ဆိုင်တန်းများ၊ အပျော်ဆော့ကစားနိုင်ရန် နေရာများအပြင် ကလေးကစားကွင်းများ ပါဝင်မှာဖြစ်ပါတယ်။ ဒေသခံပြည်သူများနှင့် ရပ်နီးရပ်ဝေးမှ ပြည်သူများအနေဖြင့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းချိုသာစွာ ဝယ်ယူရရှိနိုင်ရေး၊ ကလေးငယ်များနှင့်မိဘများ ပျော်ရွှင်စွာပါဝင်နိုင်စေရေး ရည်ရွယ်ကျင်းပပေးခြင်း ဖြစ်ပြီး ပွဲတော်ကာလအတွင်း ဝယ်ယူအားပေးမှုမှရရှိလာတဲ့ ရန်ပုံငွေများကို ငလျင်ဘေးသင့်ဒေသများ ပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် အသုံးပြုသွားမယ်လို့ သိရပါတယ်။(NVS-004)