“မိုးစပါးဧက ၁၆ဝ,ဝဝဝ ကျော်အတွက် စပါးမျိုးများနှင့် သွင်းအားစုများ ပံ့ပိုးပေးမည်”
09 Jun
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာနအနေဖြင့် ယခုဘဏ္ဍာနှစ်တွင် သမဝါယမ အသင်းသားတောင်သူ ၂၀,၀၀၀ ကျော်၏ မိုးစပါးဧက ၁၆၀,၀၀၀ ကျော်အတွက် စပါးမျိုးများနှင့် သွင်းအားစုများ ပံ့ပိုးပေး သွားမည်ဖြစ်ကြောင်း သမဝါယမဦးစီးဌာနမှ သိရပါတယ်။ ပံ့ပိုးပေးရာတွင် တစ်ဧကပန်းတိုင် အထွက်နှုန်းပြည့်မီစေရန် ဒေသအလိုက် ရေ၊ မြေ၊ ရာသီဥတုအနေအထားနှင့် ကိုက်ညီမည့်စပါးမျိုးများနှင့် သွင်းအားစုများကို ရွေးချယ်ပေးအပ်သွားမှာဖြစ်ပါတယ်။ နိုင်ငံတစ်ဝန်းမှ သမဝါယမ အသင်းသားတောင်သူများ ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် တစ်ဧကပန်းတိုင်အထွက်နှုန်း ရရှိစေရန်အတွက် အဓိက အားဖြင့် အောင်နိုင်တိုး၊ ထိုင်းနှံကောက်၊ မှော်ဘီ-၃ နှင့် GW-11 စသည့် စပါးမျိုးကောင်း မျိုးသန့်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စိုက်ပျိုးနိုင်စေရန် သက်ဆိုင်ရာမှ ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် လယ်ယာမြေများနှင့် လိုက်လျောညီထွေမှုရှိမည့် သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာ စတဲ့ သွင်းအားစုများ ကိုလည်း သေချာရွေးချယ်ပံ့ပိုးပေးသွားမှာဖြစ်သလို စိုက်ဧက ၁၆၀,၀၀၀ ကျော်အတွက် စုစုပေါင်း ငွေကျပ် ၄၀ ဘီလီယံခန့် တန်ဖိုးရှိသော စပါးမျိုးများနှင့်သွင်းအားစုများလည်း ပံ့ပိုးပေးရန်စီစဉ်ထားကြောင်း သိရပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံသာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး တခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်လျက်ရှိကြောင်း သိရပါတယ်။ (NVS-004)