“ပြည်ပသို့ မြန်မာ့ရော်ဘာများ တန်ချိန်တိုးမြှင့်တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ”

09 Jun

ယခုဘဏ္ဍာနှစ်အတွင်း ပြည်တွင်းမှထွက်ရှိသော ရော်ဘာများကို ပြည်ပသို့ တန်ချိန်တိုးမြှင့်တင်ပို့နိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရပါတယ်။ ပြည်တွင်းမှထွက်ရှိသောရော်ဘာများကို နှစ်စဉ် တရုတ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဂျပန်၊ အိန္ဒိယနှင့် ဗီယက်နမ် စတဲ့နိုင်ငံများသို့ တင်ပို့လျက်ရှိပြီး ယခုဘဏ္ဍာနှစ်မှာ ပြည်ပသို့ မြန်မာ့ရော်ဘာတန်ချိန် ၃၅၀,၀၀၀ ကျော်အထိ တင်ပို့ နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ဘဏ္ဍာနှစ်က ပြည်ပနိုင်ငံတွေကို မြန်မာ့ရော်ဘာတန်ချိန် သုံးသိန်းနီးပါး တင်ပို့နိုင်ခဲ့ပြီး အမေရိကန် ဒေါ်လာသန်း ၅၀၀ နီးပါး ရရှိခဲ့ကာ ယခုဘဏ္ဍာနှစ်မှာတော့ တန်ချိန် ၃၅၀,၀၀၀ နဲ့ ၃၈၀,၀၀၀ ကြား တင်ပို့နိုင်အောင် လျာထားဆောင်ရွက်လျက်ရှိပါတယ်။ ယခုအခါ ကမ္ဘာတစ်ဝန်း၌ စည်းစနစ်မကျသော ရော်ဘာစိုက်ပျိုးမှုများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနှင့် ရာသီဥတုပြောင်းလဲမှုများကို လျှော့ချနိုင်ရေးအတွက် Sustainable Natural Rubber (SNR) ကျင့်စဉ်နှင့်အညီ စိုက်ပျိုး ထုတ်လုပ်မှုကို ဦးစားပေးဆောင်ရွက်လာကြပြီး ပြည်တွင်းမှာလည်း အလားတူစိုက်ပျိုးထုတ်လုပ်နိုင်စေရန် စီစဉ် ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်တွင်းမှာ အရည်အသွေးပြည့်မီသော အဆင့်မြင့်ရော်ဘာများထုတ်လုပ်ကာ ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်စေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံအတွင်းရှိ ရော်ဘာလုပ်ငန်းရှင်များကို နိုင်ငံတော်မှ ချေးငွေများထုတ်ချေးပေးလျက်ရှိပြီး အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးထားသော ရော်ဘာမှိုင်းရုံလုပ်ငန်းရှင်များကို နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ သက်သာသောအတိုးနှုန်းဖြင့် ချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း သိရပါတယ်။ (NVS-004)

09 Jun

ADVERTISE HERE .