“အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့၌ ရွှေ့ပြောင်းနေထိုင်သူများနှင့် လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များ အကြား ထိပ်တိုက်တွေ့မှုများဖြစ်ပွား”
09 Jun
အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့၌ အထောက်အထားမဲ့ရွှေ့ပြောင်းနေထိုင်သူများကို အာဏာပိုင်များ က ကြီးမားသောဖြိုခွင်းမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိစဉ် ဆန္ဒပြသူများနှင့် လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များ အကြား ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အမေရိကန်လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် ကြပ်မတ်ရေးအရာရှိများသည် ရွှေ့ပြောင်းနေထိုင်သူများစုဝေးရာ အထည်ဂိုဒေါင်အပါအဝင် နေရာ အများအပြားကို ဇွန်လ ၆ ရက်တွင် ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသတွင်းမီဒီယာများ က ဖော်ပြသည်။ ဆန္ဒပြသူအချို့က ကျောက်ခဲ များဖြင့် ပစ်ပေါက်ခြင်းကြောင့် အခြေအနေတင်းမာလာကာ တာဝန်ရှိသူများက မျက်ရည်ယိုဗုံး များအသုံးပြုခဲ့ကြောင်း သိရသည်။ လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း လော့စ်အိန်ဂျလိစ်မြို့၌ ဖြိုခွင်းမှုများကြောင့် ရွှေ့ပြောင်းနေထိုင်သူ ၁၁၈ ဦး အားဖမ်းဆီးခဲ့ကြောင်း ပြည်ထဲရေးအကြီး တန်းအရာရှိတစ်ဦးက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။ ၎င်းတို့တွင် မူးယစ်ဆေးဝါးရောင်းဝယ်သည့် ရာဇဝတ်ဂိုဏ်းဝင်များနှင့် ဂိုဏ်းသားများပါဝင်ကြောင်း ၎င်းကပြောသည်။ ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂါဗင်နယူးဆန်မ်နှင့် မြို့တော်ဝန် ကာရန်ဘတ်စ် တို့အနေဖြင့် အဆိုပါ ကိစ္စရပ်ကို ကောင်းမွန်စွာထိန်းချုပ်နိုင်ခြင်းမရှိပါက ဖက်ဒရယ်အစိုးရက ဖြေရှင်းသင့်သည့်နည်းလမ်းဖြင့် ဖြေရှင်း ပေးမည် ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောသည်။ အဆိုပါအဓိကရုဏ်းကို ကိုင်တွယ်ဖြေရှင်းရန် အမျိုးသားအစောင့်တပ်သား ၂,၀၀၀ ကို တပ်ဖြန့်ပေးမည့် သမ္မတအိမ်တော်စာချွန်လွှာကို သမ္မတ ထရမ့်က လက်မှတ် ရေးထိုးခဲ့ကြောင်း အိမ်ဖြူတော်သတင်းထုတ်ပြန်ရေးဝန်ကြီး ကာရိုလိုင်းလီဗစ် က ပြောကြားသည်။ ပြီးခဲ့သည့်လတွင် ထရမ့်အုပ်ချုပ်ရေးမှ အကြီးတန်းအရာရှိများသည် တစ်နေ့လျှင် လူ ၃,၀၀၀ ကို ဖမ်းဆီးရန် ကြိုးပမ်းခဲ့ကြောင်း အမေရိကန်သတင်းဝက်ဘ်ဆိုက် Axios က သတင်းဖော်ပြကြောင်း NHK သတင်း ဌာန ဖော်ပြချက်အရ သိရသည်။