“မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် စိန်ရတုအခမ်းအနားကျင်းပ”
09 Jun
မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး (၇၅) နှစ်မြောက် စိန်ရတုအခမ်းအနားကို ဇွန်လ ၈ ရက်မှာ နေပြည်တော် ရှိ မင်္ဂလာသီရိဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ အခမ်းအနားသို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ မြန်မာနိုင်ငံ ဆိုင်ရာတရုတ်နိုင်ငံသံအမတ်ကြီး Ms. Ma Jia၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့်သံတမန်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ အခမ်းအနား၌ နစက ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခဲ့သလို တရုတ်နိုင်ငံ သံအမတ်ကြီး Ms. Ma Jia မှ လည်း နစကဥက္ကဋ္ဌထံသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတမစ္စတာ ရှီကျင့်ဖျင် ပေးပို့တဲ့ သ၀ဏ်လွှာကို ဖတ်ကြားပြီး နှုတ်ခွန်းဆက်စကားပြောကြားခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် အခမ်းအနားမှာ အနုပညာဦးစီးဌာနမှ နန်းသိင်္ဂီနန်းတွင်းယိမ်းအက၊ တရုတ်-မြန်မာချစ်ကြည်ရေး အသင်း မိသားစုလူငယ်များအဖွဲ့မှ မြန်မာ-တရုတ်ချစ်ကြည်ရေးအဓွန့်ရှည်ပါစေသီချင်းဖြင့်ဖျော်ဖြေ တင်ဆက်ခဲ့သလို မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်းဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဖြစ်ပေါ်တိုးတက်မှုဆိုင်ရာ သမိုင်းကြောင်း Video ကို ကြည့်ရှုခဲ့ကြပြီး မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းမှ မြန်မာ-တရုတ် ချစ်ကြည်ရေးအကများနဲ့ တင်ဆက် ခဲ့ကြပါတယ်။ အဆိုပါ မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး (၇၅) နှစ်မြောက် စိန်ရတုအခမ်းအနားအပြီးမှာ နစကဥက္ကဋ္ဌမှ အခမ်းအနားသို့တက်ရောက်လာကြသူများနှင့် အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး နစက ဥက္ကဋ္ဌ နှင့်အဖွဲ့မှ မြန်မာ-တရုတ် ချစ်ကြည်ရေး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မှတ်တမ်းဓါတ်ပုံပြခန်းကို ကြည့်ရှုခဲ့ကြ တယ်လို့ သိရပါတယ်။ မြန်မာနှင့် တရုတ်နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးကို ၁၉၅၀ ပြည့်နှစ် ဇွန်လ ၈ ရက်မှာစတင် တည်ထောင် ခဲ့ကာ မြန်မာနှင့်တရုတ်နိုင်ငံတို့ဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်ကို စတင်ချမှတ်တဲ့ မူလနိုင်ငံ များမှာပါဝင်တဲ့ နိုင်ငံများဖြစ်ကြောင်း သိရပါတယ်။ (NVS 004)