“ရန်ကုန်-ပုသိမ်သွားကားလမ်းမကြီးနဲ့ မလွတ်ကင်းတဲ့ ဓာတ်အားလိုင်းများကို ရွှေ့ပြောင်းတည်ဆောက်မည်”
09 Jun
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နှင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်များအတွင်း ရှိ ရန်ကုန်-ပုသိမ်သွား(အမှတ်-၅) လမ်းမကြီးတစ်လျှောက်လမ်းတိုးချဲ့ရာမှာ မလွတ်ကင်းသော ဓာတ်တိုင်နှင့် ဓာတ်အားလိုင်းများကို ရွှေ့ပြောင်းသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ရန်ကုန်-ပုသိမ် သွားကားလမ်းတိုးချဲ့ရာမှာ မလွတ်ကင်းသော ၁၁ ကေဗွီ မြို့တွင်းလိုင်းဟောင်းဖီဒါနှင့် စက်မှုဇုန်(၄)တိုးချဲ့ဖီဒါတို့ကို မင်းကြီးမဟာမင်းခေါင်လမ်းအတိုင်း ပြောင်းရွှေ့တည်ဆောက်မည့် လမ်းအူကြောင်း တစ်လျှောက်အခြေအနေ၊ ၃၃ ကေဗွီ လှိုင်သာသာယာ-နဝဒေးဖီဒါနှင့်ရွှေသံလွင်ဖီဒါ နှစ်ထပ်ဓာတ်အားလိုင်း ရွှေ့ပြောင်းတည်ဆောက်ရန် ရွှေသံလွင်စက်မှုဇုန်နှင့် ရွှေကမ်းသာယာအိမ်ရာအတွင်းရှိ ဓာတ်အားလိုင်း အခြေအနေ များကို လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC) ဥက္ကဋ္ဌဦးအောင်ကျော်ဦးမှ ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ဒါ့အပြင် လှိုင်သာယာစက်မှုဇုန် (၁၊၂၊၃၊၄)၊ ရွှေသံလွင်စက်မှုဇုန်၊ အနော်ရထာစက်မှုဇုန်နှင့် မြစိမ်းရောင်စက်မှု ဇုန်များသို့ ဓာတ်အားဖြန့်ဖြူးပေးထားတဲ့ ၃၃ ကေဗွီဓာတ်အားလိုင်းများ၊ ၃၃/၁၁ ကေဗွီ ရွှေကမ်းသာယာဓာတ်အားခွဲရုံ၊ အနော်ရထာဓာတ်အားခွဲရုံ၊ မြစိမ်းရောင်ဓာတ်အားခွဲရုံတို့မှ ဓာတ်အားဖြန့်ဖြူး ပေးထားမှုအခြေအနေများကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ အခုလိုကြည့်ရှုစစ်ဆေးပြီးတဲ့နောက် ခွဲရုံများအတွင်း ပျောက်ဆုံးယူနစ်များတွက်ချက်မှုမှန်ကန်စေရေးအတွက် ခွဲရုံများရှိ Analog မီတာများကို Digital မီတာများနဲ့ အစားထိုးလဲလှယ်တပ်ဆင်ရန်၊ စက်မှုဇုန်များသို့ ဓာတ်အား ဖြန့်ဖြူးမှု ပိုမိုကောင်းမွန်စေရေးအတွက် ဒီပဲယင်းဝန်ထောက်ဦးမြဲ လမ်းတစ်လျှောက် ၃၃ ကေဗွီ ဓာတ်အားလိုင်း အသစ်များတိုးချဲ့တည်ဆောက်ရေးတို့ကို အဆိုပြုတင်ပြရန် မှာကြားခဲ့ကြောင်း သိရပါတယ်။ (NVS 004)