“မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် စာပေပြိုင်ပွဲကျင်းပမည်”

06 Jun

ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသမီးရေးရာအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့မှ ကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတို ပြိုင်ပွဲသုံးမျိုးကို ပါဝင်ယှဉ်ပြိုင်နိုင်ရန် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီမှ ဖိတ်ခေါ်ထားကြောင်း သိရပါတယ်။ ပါဝင်ယှဉ်ပြိုင်လိုသူများအနေနဲ့ ကဗျာပြိုင်ပွဲအတွက် မြန်မာဂန္ထဝင် ကဗျာဖွဲ့ဆိုပုံနည်းစနစ်အတိုင်း ရေးဖွဲ့ ထားသော ကဗျာဖြစ်ပြီး ပါဒ(၂၀၀)မှ (၃၀၀)အထိ ရေးဖွဲ့နိုင်ပါတယ်။ ဆောင်းပါးပြိုင်ပွဲတွင် A4 စာမျက်နှာ အနည်းဆုံး ၇ မျက်နှာ၊ အများဆုံး ၁၀ မျက်နှာထက်မပိုရန်၊ ဝတ္ထုတိုပြိုင်ပွဲတွင် A4 စာမျက်နှာ အနည်းဆုံး ၇ မျက်နှာ၊ အများဆုံး ၁၀ မျက်နှာထက်မပိုရန် သတ်မှတ်ထားပါတယ်။ ပြိုင်ပွဲတိုင်းတွင် မြန်မာအမျိုးသမီးများ၏ ခေတ်အဆက်ဆက် တိုင်းပြည်အကျိုး သယ်ပိုးဆောင်ရွက်မှုဆိုင်ရာ အကြောင်းအရာများနှင့် အမျိုးသမီးကဏ္ဍအရေးပါပုံများကို ရေးဖွဲ့ရန်၊ ကိုယ်တိုင်ရေးဖွဲ့ရမှာဖြစ်ပြီး အခြားမည်သည့်ပြိုင်ပွဲ တွင်မျှ ဆုရဖူးခြင်းမရှိသော စာမူဖြစ်ကြောင်းနှင့် မည်သည့်မဂ္ဂဇင်း/စာစောင်တွင်မျှ ဖော်ပြထားခြင်းမရှိကြောင်း ဝန်ခံချက် ပါရှိရမည်ဖြစ်ကာ အမည်ရင်းအပြင် အခြားကလောင်ခွဲများပါ ပြည့်စုံစွာဖော်ပြရမှာဖြစ်ပါတယ်။ ပြိုင်ပွဲဆုများကို ပထမဆု ငွေကျပ်ဆယ်သိန်း၊ ဒုတိယဆု ငွေကျပ်ခုနစ်သိန်း၊ တတိယဆု ငွေကျပ်ငါးသိန်း၊ အထူးဆု ၂ ဆုအတွက် ငွေကျပ်သုံးသိန်းဖြင့် အသီးသီးချီးမြှင့်သွားမှာဖြစ်လို့ ပြိုင်ပွဲသို့ အမျိုးသား၊ အမျိုးသမီး အသက် အရွယ်မရွေး ပါဝင်ရေးသားယှဉ်ပြိုင်နိုင်ကြောင်း သိရပါတယ်။ ပြိုင်ပွဲဝင်သူများအနေနဲ့ သုံးလအတွင်းရိုက်ကူးထားသည့် လိုင်စင်ဓာတ်ပုံ (၃)ပုံနှင့်အတူ ကိုယ်ရေးရာဇဝင်အကျဉ်း ဖော်ပြပါရှိရမှာဖြစ်ပြီး ဆက်သွယ်ရန် ဖုန်းနံပါတ်၊ နေရပ်လိပ်စာ ပြည့်စုံစွာဖော်ပြပါရှိရမှာဖြစ်ပါတယ်။ စာမူများကို တစ်မျက်နှာတည်းတွင် သပ်ရပ်စွာရေး၍ (သို့မဟုတ်) ကွန်ပျူတာစာစီ၍ စာမူ(၃)စောင် ပေးပို့ရမည်ဖြစ်ကာ ဆုမရသည့် စာမူများကို ပြန်လည်ပေးပို့သွားမှာ မဟုတ်ကြောင်းသိရပါတယ်။ ပြိုင်ပွဲဝင်စာမူများကို ဇွန်လ ၂၁ ရက် နောက်ဆုံးထား၍ ၀၉-၇၇၂၂၂၂၉၀၀ MGL Delivery Door to Door Service သို့ဆက်သွယ်၍ ၂ဝ၂၅ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာပေပြိုင်ပွဲ အမှတ် (၄၆/၄၇)၊ မြိုင်ဟေဝန်အိမ်ရာ၊ (၈)မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးသို့ ပေးပို့ရမှာဖြစ်ပါတယ်။ သတ်မှတ်ရက်ထက်နောက်ကျပေးပို့သည့် စာမူများကို ထည့်သွင်းသွားမှာ မဟုတ်ကြောင်းနှင့် အသေးစိတ် အချက် အလက်များအား သိရှိလိုပါက ဖုန်းနံပါတ် ၀၉-၇၇၇၀၁၃၅၀၆ သို့ ဆက်သွယ်မေးမြန်းနိုင်ပြီး ဆုရရှိသူများအား ဆက်သွယ် အကြောင်းကြားသွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီထံမှ သိရပါတယ်။ (NVS-004)

06 Jun

ADVERTISE HERE .