“ရန်ကုန်တိုင်းဒေသကြီး၌ မိုးစပါး ၁,၁၄၈,၂၂၂ ဧက စိုက်ပျိုးရန် လျာထား”

06 Jun

၂ဝ၂၅-၂၀၂၆ ခုနှစ် မိုးရာသီတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၁၄ မြို့နယ်၌ မိုးစပါး ၁,၁၄၈,၂၂၂ ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိရာ မေလ ၃၁ ရက်အထိ မိုးစပါး ၆၅,၆၂၇ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။ ယခုနှစ်တွင် မိုးဦးကာလစော၍ မိုးလေကောင်းမွန်မှုကြောင့် နွေစပါးရိတ်သိမ်းပြီးသော လယ်မြေများ၌ မြေယာ ပြုပြင်ခြင်းနှင့် မျိုးစေ့ချခြင်းတို့ကို တစ်ဆက်တည်းဆောင်ရွက်ပြီး မေလကုန်ပိုင်းတွင် မိုးစပါး ဧက ၆၀,၀၀၀ ကျော် စိုက်ပျိုးနိုင်ခဲ့ကာ လျာထားဆောင်ရွက်လျက်ရှိသည့် ကျန်ဧက ၁၀ သိန်းကျော်ကိုလည်း ဆက်လက်စိုက်ပျိုးလျက်ရှိပါ တယ်။ ၂၀၂၄-၂၀၂၅ ခုနှစ် နွေစပါးရာသီတွင် ၂၅၀,၈၉၆ ဧကလျာထားခဲ့ပြီး ၂၆၇,၀၇၈ ဧက တိုးချဲ့စိုက်ပျိုးနိုင်ခဲ့ကာ တစ်ဧကလျှင် ၉၃ ဒသမ ၂၆ တင်းထွက်ရှိခဲ့ပါတယ်။ ဆက်လက်ပြီး မိုးစပါးစိုက်ပျိုးမှုကို မေလမှ စက်တင်ဘာ လကုန်ပိုင်းအထိ ဆောင်ရွက်သွားမည်ဖြစ်ကာ အောက်တိုဘာလမှ ဇန်နဝါရီလဆန်းပိုင်းအထိ ရိတ်သိမ်းမှုများ ပြုလုပ်ရန် လျာထားဆောင်ရွက်လျက်ရှိပါတယ်။ လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်ရန်၊ လျာထားဧကပြည့်မီစွာ စိုက်ပျိုးနိုင်ရန်နှင့် တစ်ဧကအထွက်နှုန်း တိုးတက်လာစေရန်၊ Seeder ဖြင့်စိုက်ပျိုးခြင်း၊ ပန်းတိုင် အထွက်နှုန်းတိုးတက်စေရန်အတွက် နွေထယ်ရေးခံခြင်း၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ မျိုးကောင်းမျိုးသန့် စိုက်ပျိုးရေးနှင့် ဓာတ်မြေဩဇာသုံးစွဲမှု စနစ်ကျမှန်ကန်ရေးတို့ကို အသိပညာပေးခြင်းနှင့် ပိုးမွှားရောဂါကာကွယ်ရေးအတွက် သင်တန်း များ၊ ဆွေးနွေးပွဲများနှင့် သရုပ်ပြခြင်းတို့ကို ရန်ကုန်တိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများထံ ရာသီအလိုက် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အထွက်ကောင်းမျိုးများဖြစ်တဲ့ မနောသုခ၊ ရွှေဝါထွန်း၊ ဆင်းသုခ၊ ရတနာတိုး၊ ရက်(၉၀)၊ ရာကျော်၊ သီးထပ်ရင်၊ ဆင်းသွယ်လတ်၊ မှော်ဘီဆန်း၊ GW-11၊ စူပါနှံကောက်၊ မှော်ဘီ-၃၊ ဒဂုံ၊ ပခမ်းရွှေဝါ၊ နယူးဧရာ-၁၁၊ ကရင်မထိပ်ဆောင်း စသည့် မျိုးစပါးများ၊ အဆင့်မြင့်မျိုးများဖြစ်တဲ့ ဧရာမင်း၊ ပေါ်ဆန်းမွှေး၊ ပေါ်ဆန်းရင်၊ မှော်ဘီ(၂)၊ အင်းမရဲဘော်၊ ဘာစမာတီ စသည့် မျိုးစပါးများနှင့် ဒေသမျိုးရင်းများဖြစ်တဲ့ ဇီယာ၊ မီးဒုံး၊ ငကျွဲ၊ ငစိန်နှင့်ကောက်ညှင်း စသည့် မျိုးစပါးများကို ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး လက်ရှိဇွန်လဆန်းပိုင်းမှာ ရာကျော်၊ ရွှေဝါထွန်း၊ ဆင်းသုခနှင့် မှော်ဘီ-၃ အစရှိတဲ့ အထွက်ကောင်းမျိုးစပါးများကို စိုက်ပျိုးထားကြောင်း သိရပါတယ်။

06 Jun

ADVERTISE HERE .