“အမှတ်(၁) ရေနံချက်စက်ရုံ (သန်လျင်)ကို အသွင်သစ်ဖြင့် လည်ပတ်ထုတ်လုပ်သွားမည်”
06 Jun
အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျင်)ကို နိုင်ငံတော်၏ စက်သုံးဆီလိုအပ်ချက်အား အတိုင်းအတာတစ်ရပ်အထိ ဖြည့်ဆည်းပေးနိုင်ရန်အတွက် အသွင်သစ်ဖြင့် လည်ပတ်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလွင် က ဇွန်လ ၅ ရက်တွင် စက်ရုံမှူးနှင့်တာဝန်ရှိသူများ၊ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့ ကုမ္ပဏီမှ တာဝန်ရှိသူများ၊ နည်းပညာပိုင်းဆိုင်ရာ အကြံပေးအဖွဲ့တို့မှတာဝန်ရှိသူများနှင့် အမှတ်(၁)ရေနံချက်စက်ရုံ (သန်လျင်)ဧည့်ရိပ်သာ၌ တွေ့ဆုံစဉ်ပြောကြားခဲ့ကြောင်း သိရပါတယ်။ တာဝန်ရှိသူများက စက်ရုံတည်ဆောက်နေမှု၊ စက်ပစ္စည်းများထုတ်လုပ်နေမှု၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်းများနှင့် မြစ်ဖြတ်ပိုက်လိုင်းတည်ဆောက်နေမှု သဘာဝဓာတ်ငွေ့စီမံဆောင်ရွက်ပေးနေမှု အခြေ အနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ စက်သုံးဆီ လိုအပ်ချက်ကို အတိုင်းအတာတစ်ရပ်အထိ ဖြည့်ဆည်းပေးနိုင်ရန် အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)ကို အသွင်သစ်ဖြင့် လည်ပတ်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် စီမံကိန်းအပိုင်း(၁)အဖြစ် တစ်နှစ်လျှင် ရေနံစိမ်း တန်ချိန် ၅ သိန်း ချက်လုပ်နိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်းအပိုင်း(၂)အဖြစ် တစ်နှစ်လျှင် ရေနံစိမ်း တန်ချိန် ၃ သန်း ချက်လုပ်နိုင်သည့် ရေနံချက်စက်ရုံကိုလည်း ဆက်လက်ဆောင်ရွက်သွားနိုင်ရန် ရေတိုရေရှည်အစီအမံများ ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ စီမံကိန်းတစ်ခုလုံးဆောင်ရွက်ပြီးစီးပါက နိုင်ငံတော်၏ စက်သုံးဆီလိုအပ်ချက် ထက်ဝက် ခန့်ကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)တွင် စက်ရုံတည်ဆောက်မည့် မြေနေရာတွင် Pile Foundation လုပ်ငန်းများ ဆောင်ရွက်နေမှု၊ စက်ရုံအတွက် လိုအပ်တဲ့သဘာဝဓာတ်ငွေ့များ ထိန်းချုပ်ဖြန့်ဖြူးပေးမည့် သဘာဝဓာတ်ငွေ့ ထိန်းဖြန့်စခန်း(သန်လျင်)၊ ရေနံစိမ်းနှင့်ရေနံထွက်ပစ္စည်းများသယ်ယူမည့် ပိုက်လိုင်းတည်ဆောက်ရန် လမ်းအူကြောင်း လျာထားနေရာများ၊ တောင်ဒဂုံ-သန်လျင်သဘာဝဓာတ်ငွေ့ပိုက်လိုင်း၏ ပဲခူးမြစ်ဖြတ်အပိုင်းတွင် Horizontal Directional Drilling စက်ဖြင့် တူးဖောက်ဆက်သွယ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်အချိန်ကာလတွင် ပြီးစီးနိုင်ရေးနှင့် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရပါတယ်။ (NVS-004)