“ရုရှားနိုင်ငံအား အကြွင်းမဲ့ဆက်လက်ထောက်ခံသွားမည်ဟု မြောက်ကိုရီးယားခေါင်းဆောင်ပြော”

06 Jun

မြောက်ကိုရီးယားအစိုးရအနေဖြင့် ယူကရိန်းပဋိပက္ခတွင် ရုရှားနိုင်ငံအား အကြွင်းမဲ့ဆက်လက် ထောက်ခံ သွားမည်ဟု မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအွန် က ပြောကြားလိုက်သည်။ မြောက်ကိုရီးယားနိုင်ငံသည် ရုရှားနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာနိုင်ငံရေးကိစ္စရပ်များတွင် ရုရှားအစိုးရ၏ရပ်တည်ချက်နှင့်နိုင်ငံခြားရေးမူဝါဒ၊ အထူးသဖြင့် ယူကရိန်းအရေးတွင် အကြွင်းမဲ့ဆက်လက်ထောက်ခံမည်ဟု ခေါင်းဆောင်ကင် က ရုရှားလုံခြုံရေး ကောင်စီ အတွင်းရေးမှူး ဆာဂျီရှိုင်းဂူနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဇွန်လ ၅ ရက်တွင် ထုတ်ပြန်သည်။ အဆိုပါတွေ့ဆုံမှုတွင် မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံတို့သည် ၎င်းတို့ကြား မဟာဗျူဟာမြောက်မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ရုရှားနိုင်ငံအနေဖြင့် နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့်လုံခြုံရေးဆိုင်ရာ အကျိုးစီးပွားများကို ကာကွယ်ရာတွင် အောင်မြင်မှု ရရှိ မည်ဟု မျှော်လင့်ကြောင်း ခေါင်းဆောင်ကင် က ဆက်လက်ပြောကြားသည်။ အလားတူပင် မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံတို့သည် ကိုရီးယားကျွန်းဆွယ်တွင် ဖြစ်ပွားနေသည့် ဖြစ်ပေါ်တိုးတက်မှုများနှင့်စပ်လျဉ်း၍လည်း ဆွေးနွေးခဲ့ကြကြောင်း Ivz သတင်းဌာနဖော်ပြချက်အရ သိရသည်။

06 Jun

ADVERTISE HERE .