“ပြင်သစ်အိုးပင်း ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့တဲ့ ဂျိုကိုဗစ်”
06 Jun
ပြင်သစ်အိုးပင်းမှာ ဆီမီးဖိုင်နယ်ကို တက်ခဲ့ပြီးနောက် ဂျိုကိုဗစ်ရဲ့ ကစားသမားဘဝ ၂၅ ခုမြောက် ဂရင်းစလမ် ချန်ပီယံဆုကို ရယူနိုင်ဖို့ မျှော်လင့်ချက်က နီးစပ်လာခဲ့ပြီလို့ ပြောရမှာ ဖြစ်ပါတယ်။ ကွာတားဖိုင်နယ်ပွဲမှာ ဆီဒင်အဆင့် ၆ ဂျိုကိုဗစ်နဲ့ ဆီဒင်အဆင့် ၃ ဂျာမနီနိုင်ငံသား ဗီရက်ဗ်တို့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတာဖြစ် ပါတယ်။ ပြင်သစ်အိုးပင်းချန်ပီယံဆုကို ၃ ကြိမ်ရထားတဲ့ ဂျိုကိုဗစ်ဟာ ဗီရက်ဗ်ကို ပထမပွဲလတ် ရှုံးနိမ့်မှုနဲ့အတူ နောက်ကနေ လိုက်ကစားခဲ့ရပေမယ့် လက်ကျန်ပွဲလတ်တွေမှာ အနိုင်ရလဒ်တွေ ပြန်လည်ရယူနိုင်ခဲ့လို့ ဆီမီးဖိုင်နယ်ကို တက်ခွင့်ရသွားခဲ့တာ ဖြစ်ပါတယ်။ ဂျိုကိုဗစ်နဲ့ ဗီရက်ဗ်တို့ပွဲက ပွဲကစားချိန် ၃ နာရီနဲ့ ၁၇ မိနစ် ကြာမြင့်ခဲ့တာဖြစ်ပြီး ပွဲအပြီးမှာတော့ ဂျိုကိုဗစ်က ၄-၆၊၆-၃၊၆-၂၊၆-၄ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ အခုရလဒ်ကြောင့် အသက် ၃၈ နှစ်အရွယ် ဂျိုကိုဗစ်ဟာ ပြင်သစ်အိုးပင်း ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်တဲ့ ဒုတိယအသက်အကြီးဆုံး ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။ ဆီမီးဖိုင်နယ်အဆင့်မှာတော့ ဂျိုကိုဗစ်ဟာ ကမ္ဘာ့အဆင့် ၁ အီတလီတင်းနစ်သမား ဆင်နာ နဲ့ ထိပ်တိုက် ဆုံတွေ့ရမှာ ဖြစ်ပါတယ်။ ဆင်နာဟာ အခုနှစ် ပြင်သစ်အိုးပင်းဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်လာခဲ့ရာမှာ ပွဲလတ်ရှုံးပွဲ တစ်ပွဲမှမရှိဘဲ တက်ရောက်လာခဲ့တာဖြစ်ပြီး ကစားသမားဘဝ ပြင်သစ်အိုးပင်းချန်ပီယံဆုကို ပထမဆုံး အကြိမ်ရရှိဖို့ မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။ (NVS 008)