“နောင်မွန်း – ပန်နန်းဒင်သွား မေခမြစ်ကူး(လူကူး) ကြိုးတံတားပြုပြင်ပြီးဖြစ်”
06 Jun
ကချင်ပြည်နယ်၊ နောင်မွန်းမြို့နယ်၊ နောင်မွန်း–ပန်နန်းဒင်သွား မေခမြစ်ကူး(လူကူး)ကြိုးတံတားပျက်စီးခဲ့မှုကို ပြန်လည်ပြုပြင်ပြီးစီးပြီဖြစ်တာကြောင့် ရေဘေးသင့်ပြည်သူများအတွက် စားသောက်ကုန်များ ပို့ဆောင်ပေးလျက် ရှိကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး မေခမြစ်ရေ အဆမတန်မြင့်တက်မှုကြောင့် နောင်မွန်း မြို့နယ်၊ နောင်မွန်း – ပန်နန်းဒင်သွား မေခမြစ်ကူး(လူကူး)ကြိုးတံတား အရှည် ၃၄၀ ပေ၊ အကျယ် ၆ ပေက မေလ ၃၁ ရက်တွင် မြစ်အတွင်းမျောပါသွားခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါ ပန်နန်းဒင်မေခမြစ်ကူး(လူကူး)ကြိုးတံတား ပျက်စီးခဲ့မှုကို ဌာနဆိုင်ရာတာဝန်ရှိသူများက အမြန်ဆုံး ပြန်လည်ဆောက်လုပ်ခဲ့ရာ ဇွန်လ ၄ ရက်မှာ ဆောက်လုပ်ပြီးစီး၍ ဒေသခံပြည်သူများ ဖြတ်သန်းသွားလာနိုင်ပြီ ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက နောင်မွန်းမြို့နယ်အတွင်းရှိ ပန်နန်းဒင်မြို့နှင့် ထလာထုကျေးရွာများရှိ ရေဘေးသင့်ပြည်သူများအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် စားသောက်ကုန်များ တင်ဆောင်ထားတဲ့ မော်တော်ယာဉ် ၅ စီးကို သွားရောက်ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများကို ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါ မော်တော်ယာဉ်များက ရေဘေးသင့်ပြည်သူများထံသို့ ပို့ဆောင်ရန် ပူတာအိုမြို့မှ စတင်ထွက်ခွာသွားခဲ့ကြောင်း သိရပါတယ်။ (NVS 004)