“တရားမဝင်နည်းလမ်းနဲ့ UID နံပါတ်ရယူခြင်း Passport လျှောက်ထားခြင်းများပြုလုပ်ပါက တည်ဆဲဥပဒေများအရ အရေးယူမည်”
06 Jun
အခြားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားဖြင့် UID နံပါတ်ရယူခြင်း၊ Passport လျှောက်ထားခြင်းများအား စစ်ဆေးတွေ့ရှိနေရတာကြောင့် အဆိုပါပြစ်မှုများမှာ ပါဝင်ပတ်သက်သူများအားလုံးကို မြန်မာနိုင်ငံရဲ့ တည်ဆဲ ဥပဒေများအရ ထိရောက်စွာအရေးယူသွားမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဦးစီးဌာနက အသိပေး ထုတ်ပြန်ထားပါတယ်။ အခုလိုလုပ်ဆောင်မှုက စာရွက်စာတမ်း အတုပြုလုပ်မှု၊ လိမ်လည်မှုနှင့် နိုင်ငံတော် လုံခြုံရေးကို ထိခိုက်စေမှု ကဲ့သို့သော ပြစ်မှုများနှင့်သက်ဆိုင်ကာ နိုင်ငံတော်ရဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များမှာ အလွဲသုံးစား ပြုလုပ်နိုင်ခြေ ရှိစေတယ်လို့ အသိပေးခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းမှာ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာနှင့် ပုံရိပ်ကိုထိခိုက်စေနိုင်တဲ့အပြင် ပြည်သူလူထုနှင့် အစိုးရအကြား ယုံကြည်မှုကို ပျက်စီးစေပြီး တရားဥပဒေစိုးမိုးရေးကိုပါ ထိပါးစေနိုင်တယ်လို့ အသိပေးထားပါတယ်။ အလားတူ တရားမဝင်ရွှေ့ပြောင်းသွားလာခြင်း၊ လူကုန်ကူးခြင်း (သို့မဟုတ်) အကြမ်းဖက်မှု ကဲ့သို့သော လုပ်ဆောင်မှုများအတွက် အသုံးပြုနိုင်ကြောင်းလည်း အသိပေးချက်တွင် ဖော်ပြထားပါတယ်။ ဒါကြောင့် အဆိုပါ ပြစ်မှုများတွင် ပါဝင်ပတ်သက်သူများအားလုံးကို မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ပြီး ၎င်းတို့အားကူညီပေးသူများ၊ လှုံ့ဆော်သူများ (သို့မဟုတ်) ပူးပေါင်းကြံစည်သူ များအားလုံးကိုလည်း ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ပြည်သူလူထုအနေနဲ့ ထိုကဲ့သို့သော မသမာမှုများကို တွေ့ရှိပါက သက်ဆိုင်ရာသို့ ချက်ချင်းသတင်းပေး တိုင်ကြားပေးကြရန်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို တရားမဝင်အလွဲသုံးစားပြုလုပ်ခြင်း မခံရစေရေး အထူးဂရု ပြုထိန်းသိမ်းကြရန်နှင့် နိုင်ငံတော်ရဲ့လုံခြုံရေးအတွက် ပူးပေါင်းပါဝင်ကြပါရန် မေတ္တာရပ်ခံတိုက်တွန်းထားပါတယ်။ (NVS 004)