“ရွှေနံ့သာမြိုင် ဆုတောင်းပြည့်စေတီတော်မြတ်ကြီး တည်ဆောက်နေမှု ၉၀ ရာခိုင်နှုန်းကျော်ပြီးစီး”
05 Jun
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ကျောက်စုကျေးရွာအုပ်စု၊ ကိုးလုံး ကျေးရွာရှိ သဘာဝနံ့သာဖြူပင်သစ်တော နံ့သာဖြူတောင်ကုန်းပေါ်၌ ရွှေနံ့သာမြိုင်ဆုတောင်းပြည့် စေတီတော်မြတ်ကြီး တည်ဆောက်နေမှုမှာ ဇွန်လ ပထမပတ်အထိ ၉၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ရွှေနံ့သာမြိုင်ဆုတောင်းပြည့်စေတီတော်သည် အမြင့် ၇၆ ဒသမ ၃ ပေရှိပြီး စိန်ဖူးတော်၊ ရွှေထီးတော်၊ ငှက်မြတ်နားတော် အမြင့်မှာ ၁၂ ပေ ၉ လက်မရှိ၍ စုစုပေါင်းအမြင့်ပေ ၉၀ ပြီး စေတီတော်အောက်ထပ်အတွင်း အလယ်တည့်တည့် ပရိဝုဏ်အရပ်လေးမျက်နှာအား မျက်နှာပြု၍ ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူပြီးသော ကကုသန်မြတ်စွာ ဘုရား၊ ကဿပမြတ်စွာဘုရား၊ ကောဏာဂုံမြတ်စွာဘုရားနှင့် ဂေါတမမြတ်စွာဘုရား ဆင်းတုတော်မြတ်လေးဆူအား တည်ထားပါတယ်။ ဝင်းအတွင်း နံရံပတ်လည်တွင် အောင်ခြင်းရှစ်ပါး သမိုင်းဝင်ပုံ၊ ဝတ္ထုပုံတော်များ ပူဇော်ထားပြီး စေတီတော်အပေါ်ဆင့်အတွင်း၌ ကြေးဗုဒ္ဓဆင်းတုတော်မြတ်များနှင့် ဗိသုကာလက်ရာများစွာ ထွင်းထုပူဇော်၍ ဌာပနာ ပိတ်ကာ ဖူးမြော်ကြည်ညိုနိုင်စေရန် ဆောင်ရွက်ထားပါတယ်။ ရွှေနံ့သာမြိုင်စေတီတော်ပတ်ပတ်လည်တွင် ခုနစ်ရက်သားသမီးများ ဆီမီး၊ ရေချမ်း၊ ဆွမ်းတော်၊ ပန်းတော်များ ဆက်ကပ်ပူဇော်နိုင်ရန်နှင့် ရေစင်သွန်းလောင်းပူဇော်နိုင်ရန်အတွက် ကြိုတင်စီမံဆောင်ရွက် တည်ဆောက်ပေးလျက်ရှိရာ ယခုအခါမှာတော့ ၉၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ပါတယ်။ ရွှေနံ့သာမြိုင်ဆုတောင်းပြည့် စေတီတော်မြတ်ကြီးအား ကိုးလုံးကျေးရွာနေ မိဘပြည်သူများနှင့် ရပ်နီးရပ်ဝေး မိဘပြည်သူအလှူရှင်များ စုပေါင်းလှူဒါန်းငွေဖြင့် တည်ဆောက် ဆောင်ရွက်ပေးလျက်ရှိပြီး ၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်နေ့မှာ ရွှေထီးတော်တင်လှူပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမယ်လို့ သိရပါတယ်။ (NVS-004)