“ပြည်တွင်း မြေဩဇာတင်သွင်းထုတ်လုပ်ခွင့် မှတ်ပုံတင် ၇,၆၀၀ ကျော် ခွင့်ပြုထား”
05 Jun
မြေဩဇာကော်မတီအနေဖြင့် ပြည်တွင်းမြေဩဇာတင်သွင်းခွင့်နှင့် ထုတ်လုပ်ခွင့်ကို လုပ်ငန်းလုပ်ကိုင်လိုသူ ပေါင်း ၇,၆၀၀ ကျော်ကို လုပ်ငန်းမှတ်ပုံတင်ထုတ်ပေးထားပြီး လုပ်ကိုင်ခွင့်ပြုထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရပါတယ်။ ထပ်မံလျှောက်ထားလိုသူများကို စိစစ်၍ လုပ်ငန်းမှတ်ပုံတင်ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း သိရပါတယ်။ မြေဩဇာများ တင်သွင်းခွင့်၊ ထုတ်လုပ်ခွင့်နှင့် တင်ပို့ခွင့်များကို လျှောက်ထားသူက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်တွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီ/လုပ်ငန်းဖြစ်ရမှာဖြစ်သလို လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ၊ ပြည်ပကုမ္ပဏီ၏ စံချိန်စံညွှန်းပြည့်မီကြောင်း အာမခံချက်၊ ပြည်တွင်းကုမ္ပဏီ၏ အရည်အသွေး ပြည့်မီကြောင်း ကတိဝန်ခံချက်၊ မြေဩဇာနမူနာနှင့် မြေဩဇာအိတ်ခွံ နမူနာ စသဖြင့် လိုအပ်ကြောင်းလည်း သိရပါတယ်။ ဒါ့အပြင် မြေဩဇာတင်သွင်းခွင့် မှတ်ပုံတင်လက်မှတ်ရရှိပြီးသူများအနေနဲ့ ပြည်တွင်းမှာ တင်သွင်းဖြန့်ဖြူးမည် ဆိုပါက ကုန်သွယ်ရေးဦးစီးဌာနမှာ သွင်းကုန်လိုင်စင်ပြန်လည်လျှောက်ထားနိုင်ဖို့အတွက်ကို စိုက်ပျိုးရေးဦးစီးဌာနရဲ့ မြေဩဇာစစ်ဆေးရေးအဖွဲ့မှ ထောက်ခံစာများကို ထုတ်ပေးလျက်ရှိတယ်လို့ သိရပါတယ်။ လက်ရှိမှာ မြေဩဇာ ကော်မတီအနေနဲ့ ပြည်တွင်းမှာ မြေဩဇာတင်သွင်းမှု၊ ထုတ်လုပ်မှုလုပ်ငန်းများအတွက် ခွင့်ပြုထားတဲ့ ကုမ္ပဏီပေါင်း ၅၂၈ ခုရှိပြီး မှတ်ပုံတင်အစောင် ၇,၆၂၆ စောင်ဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနကနေ သိရပါတယ်။ (NVS 004)