“ငါးကန်များရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်ရေးအတွက် ကြိုတင်သတိပေးသွားမည်”

04 Jun

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းမှုကြောင့် လက်ရှိရက်ပိုင်းအတွင်း မြန်မာပြည်တစ်ဝန်း နေရာအနှံ့အပြား မိုးမပြတ်ရွာသွန်းလျက်ရှိပြီး နောက်နှစ်ရက်အတွင်း မုတ်သုံလေအား အသင့်အတင့် ရှိနေမှာဖြစ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားပါတယ်။ ရေထွက်ကုန်များ မွေးမြူ ထုတ်လုပ်လျက်ရှိတဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ ငါးမွေးကန်များ ရေကြီး နစ်မြုပ်မှုမှ ကာကွယ်နိုင်ရန်အတွက် ကြိုတင်သတိပေးချက်များ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်မှ သိရပါတယ်။ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးမှ ငါး/ပုစွန်မွေးကန်များမှ ရေထွက်ကုန် များ နိုင်ငံတစ်ဝန်းသို့ နေ့စဉ်တင်ပို့လျက်ရှိပြီး ပြည်ပသို့လည်းတင်ပို့လျက်ရှိပါတယ်။ ငါးမွေးမြူရေးကန်များ၌ ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးတန်၊ ငါးခေါင်းပွတို့ကို အဓိကမွေးမြူလျက်ရှိကာ ပုစွန်၊ ငါးမုတ်၊ ငါးခုံးမ၊ ငါးပြေမနှင့် တီလားဗီးယားငါးတို့ကို အနည်းငယ်မွေးမြူထုတ်လုပ်လျက်ရှိနေပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၇ ရက်က ဘင်္ဂလားပင်လယ်အော်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖြတ်သန်းတိုက်ခတ်ခဲ့တဲ့ မုန်တိုင်းငယ်အရှိန်ကြောင့် မြစ်ကြီးနားမြို့နှင့် ဟုမ္မလင်းမြို့တို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ဧရာဝတီမြစ်ရေနှင့် ချင်းတွင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်သို့ မြင့်တက်ခဲ့ရာ အဆိုပါမြစ်ရေများ မြန်မာပြည်အောက်ပိုင်းမြို့များသို့ ၁၀ ရက်မှ ၁၃ ရက်ကျော်အတွင်း ရောက်ရှိလာနိုင်မှာဖြစ်လို့ မိုးသည်းထန်စွာရွာသွန်းချိန်၊ မြစ်နှစ်ခုမှ ရေများဆင်းလာချိန်နှင့် ဇွန်လ ၁၀ ရက်(နယုန်လပြည့်နေ့)မှာ ဒီရေတက်ချိန်တို့တိုက်ဆိုင်ပါက ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ ငါးကန်များ ရေကြီးနစ်မြုပ်နိုင်မှာဖြစ်လို့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို အသိပေးထုတ်ပြန်ပေးသွားမယ်လို့ သိရပါတယ်။ (NVS-004)

04 Jun

ADVERTISE HERE .