“ခရီးသည်များအတွက် ခေတ်မီနည်းပညာအခြေပြု ခရီးသွားဝန်ဆောင်မှု ပလက်ဖောင်း Maxride ကို စတင်မိတ်ဆက်”

04 Jun

ခရီးသည်များအနေနဲ့ ဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်တဲ့ ခေတ်မီနည်းပညာအခြေပြု ခရီးသွားဝန်ဆောင် မှု Maxride Application ပလက်ဖောင်းတစ်ခုကို ဇွန်လ ၂ ရက်က သန်လျင်မြို့နယ်၊ ဗိုလ်ချုပ်နေဝင်းလမ်းမကြီး၊ မြို့ဟောင်းအလယ်ရပ်ကွက်ရှိ Jewel Event Management ခြံဝင်းအတွင်း၌ မိတ်ဆက်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ Maxride ခေတ်မီနည်းပညာအခြေပြု ခရီးသွားဝန်ဆောင်မှုပလက်ဖောင်းသည် အင်ဒိုနီးရှားနိုင်ငံတွင် စတင်ခဲ့တဲ့ ပလက်ဖောင်းဖြစ်ပြီး လက်ရှိမှာ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်တွင် လူစီးသုံးဘီးယာဉ် ၉၈ စီးဖြင့် ကနဦး စတင်ခဲ့ပါတယ်။ အဆိုပါ ပလက်ဖောင်းကို ဧရာဝတီတိုင်းဒေသကြီး ပုသိမ်၊ မွန်ပြည်နယ်၊ မော်လမြိုင်၊ မန္တလေးတိုင်း ဒေသကြီးနှင့် မန္တလေးမြို့တို့တွင် စတင်ခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် သုံးဘီးယာဉ်ပြေးဆွဲခွင့်ရရှိသော မြို့နယ်များဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်း၊ ဒလ၊ ခရမ်း၊ သုံးခွ၊ တွံတေး၊ ကွမ်းခြံကုန်း၊ ဆိပ်ကြီးခနောင်တို၊ လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီး၊ ရွှေပြည်သာ၊ လှိုင်သာယာမြို့နယ်များ၌ မှာလည်း အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ Maxride ကို မြန်မာနိုင်ငံအနှံ့အပြားရှိ မြို့ကြီးမြို့ငယ်များတွင် ယုံကြည်စိတ်ချရသော ခရီးသွားဝန်ဆောင်မှု အတွက် အသုံးပြုနိုင်ရန် ရည်ရွယ်ထားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် ယခင်က ခရီးသွားဝန်ဆောင်မှု App အဖြစ် မလေးရှားမှ Grab App နှင့် အမေရိကန်မှ Uber တို့ အပြိုင်ရှိခဲ့သော်လည်း Uber သည် Grab ကို စျေးကွက်ပြိုင်ဆိုင်နိုင်မှု မရှိသဖြင့် ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။ ပြည်တွင်း၌ ခရီးသွားဝန်ဆောင်မှု App အချို့ကို မိတ်ဆက်ခဲ့ပြီးဖြစ်သလို ယခုအခါမှာ အင်ဒိုနီးရှားမှ Maxride က မြန်မာနိုင်ငံသို့ စျေးကွက်ရှာဖွေချဲ့ထွင်လာကြောင်းသိရပါတယ်။ (NVS-004)

04 Jun

ADVERTISE HERE .