“အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းရှိ အာသံပြည်နယ်၌ ရေကြီးမှုကြောင့် လူဦးရေငါးသိန်းကျော် ရေဘေးဒုက္ခသင့်”
04 Jun
အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းရှိ အာသံပြည်နယ်၌ လက်ရှိဖြစ်ပွားနေသော ရေကြီးမှုအတွင်း လူဦးရေ ငါးသိန်းကျော် ရေဘေးသင့်လျက်ရှိကြောင်း တာဝန်ရှိသူများက ဇွန်လ ၃ ရက်တွင် ထုတ်ပြန်ထားသည်။ ပြည်နယ်အတွင်းရှိ ခရိုင် ၂၂ ခု၌ ဖြစ်ပွားနေသော ရေကြီးမှုသည် ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း၊ ပြီးခဲ့သည့် ၂၄ နာရီအတွင်း လူတစ်ဦးသေဆုံးပြီး နှစ်ဦးပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။ မေလ ၃၁ ရက်တွင် ရေကြီးမှုကြောင့် လူသုံးဦးသေဆုံးပြီး မိုးများသည်းထန်စွာ ရွာသွန်းရာမှ မြေပြိုမှု ဖြစ်ပွားခြင်းကြောင့် လူငါးဦးသေဆုံးကြောင်း၊ ဇွန်လ ၁ ရက်တွင် လူ ၁၀ ဦးသေဆုံးကြောင်း၊ ထို့ကြောင့် ရေကြီးမှု ဖြစ်ပွားသည့် ကာလအတွင်း သေဆုံးသူ စုစုပေါင်း အယောက် ၄၀ ကျော် ရှိလာပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။ အလားတူရေကြီးမှုကြောင့် ကျေးရွာပေါင်း ၁,၂၅၄ ရွာမှာ ရေလွှမ်းမိုးမှုကို ခံစားရကာ လယ်မြေဟတ်တာ ပေါင်း ၁၃,၀၀၀ နီးပါးမှာ ပျက်စီးသွားကြောင်း တာဝန်ရှိသူများက ပြောသည်။ ထို့ကြောင့် ပြည်နယ်အစိုးရအနေဖြင့် ကယ်ဆယ်ရေးစခန်း ၁၆၅ ခု၊ ကယ်ဆယ်ထောက်ပံ့ရေးစခန်း ၁၅၇ ခုတို့ကို ဖွင့်လှစ်ကာ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း အာသံပြည်နယ် သဘာဝဘေးစီမံခန့်ခွဲရေးအဖွဲ့က ထုတ်ပြန်သည်။ တစ်ချိန်တည်းမှာပင် ဗြဟ္မပုတ္တရမြစ်၊ ဘာရတ်မြစ်နှင့် ၎င်းတို့၏မြစ်လက်တက်များရှိ မြစ်ရေမှာ စိုးရိမ်ရေမှတ် အထက်ကို ကျော်လွန်နေကြောင်း မိုးလေဝသဌာက ထုတ်ပြန်ထားသည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။