“မြစ်ကြီးနားမြို့၌ ရေဘေးသင့်သူ တစ်သောင်းကျော်ရှိ”

04 Jun

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မေလ ၃၁ ရက်မှစတင်ကာ ဧရာဝတီ မြစ်ရေမြင့်တက်ပြီး အနိမ့်ပိုင်းရပ်ကွက်များနှင့် အမြင့်ပိုင်းရပ်ကွက်များရှိ အချို့နေရာများသို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့၍ ရေဘေးသင့်သူ တစ်သောင်းကျော်ရှိခဲ့ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဇွန်လ ၂ ရက်က ထုတ်ပြန်တဲ့စာရင်းများအရ သိရပါတယ်။ ဒါကြောင့် ရေဘေးသင့်အိမ်ထောင်စု ၂,၂၅၇ စုမှ လူဦးရေ ၁၀,၃၇၅ ဦးကို မြစ်ကြီးနားမြို့ရှိ ဘုန်းတော်ကြီး ကျောင်းများ၊ စာသင်ကျောင်းများနှင့် ခရစ်ယာန်ဘာသာရေးဘုရားကျောင်းများတွင် ယာယီရေဘေးကယ်ဆယ်ရေး စခန်း ၃၀ ခုအထိဖွင့်လှစ်၍ ကူညီစောင့်ရှောက်မှုများပြုလုပ်ပေးလျက်ရှိပါတယ်။ အဆိုပါရေဘေးသင့်သူများကို ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှု၍ အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများ၊ ဆန်၊ ဆီနှင့် ကြက်ဥ၊ ခေါက်ဆွဲခြောက်ဘူးများ၊ ဆန်ပြုတ်ဘူးများနှင့် ရေသန့်ဘူးများကိုပေးအပ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင်ပြည်နယ်ဝန်ကြီးချုပ်က ဧရာဝတီမြစ်ရေကြီးမြင့်မှု၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားဘက်ကမ်းရှိ တည်ဆောက်ပြီးစီးခဲ့တဲ့ ရေထိန်းတမံ၊ မြို့သစ်ကြီးရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးနှင့် မဟာဗန္ဓုလလမ်းဆုံနေရာ၌ ရေဘေးကယ်ဆယ်ရေးစုရပ် နေရာသစ်အဖြစ်ဖွင့်လှစ်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ ပါဝင်တဲ့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များစုဖွဲ့ဆောင်ရွက်ထားရှိမှု၊ မြစ်ရေကြီးမြင့်မှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ (NVS 004)

04 Jun

ADVERTISE HERE .