“စစ်ကိုင်းတောင်ရိုးရှိ သာသနိကအဆောက်အအုံများ ပြုပြင်မွမ်းမံပရန် ဆရာတော်ကြီးများထံမှ ဩဝါဒခံယူ”
04 Jun
ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီးနှင့် သာသနိကအဆောက်အအုံများ ဘက်စုံပြုပြင်မွမ်းမံပြင်ဆင်ခြင်း လုပ်ငန်းများ အတွက် ဆရာတော်ကြီးများကို လျှောက်ထားခြင်းနှင့် ဆုံးမဩဝါဒခံယူခြင်းကို ဇွန်လ ၃ ရက်နံနက်ပိုင်းက ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီးမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါအခမ်းအနားမှာ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယဥက္ကဋ္ဌ သောဠသမ ရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များရဲ့အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက မဟာဓမ္မကထိက ဗဟုဇနဟိတဓရ သီတဂူဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဉာဏိဿရ အမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါတယ်။ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တက်ရောက်လာကြသူများက သီတဂူဆရာတော် ဘုရားကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော် များကို နာယူကြည်ညိုကြပါတယ်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ နှင့် တာဝန်ရှိသူများက သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။ အဲဒီနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ နှင့် တာဝန်ရှိသူတစ်ဦးတို့က ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုများကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ဝင်များနှင့် စေတနာရှင်ပြည်သူများက စုပေါင်းဖယ်ရှားရှင်းလင်းပြီးစီးမှုများနှင့် ဘက်စုံပြုပြင် မွမ်းမံပြင်ဆင် တည်ဆောက်မည့် လုပ်ငန်းအစီအမံများကို ဆရာတော်ကြီးများထံ ရှင်းလင်းလျှောက်ထားတင်ပြကြပြီး ဩဝါဒခံယူ ခဲ့ကြကြောင်း သိရပါတယ်။ (NVS 004)