“မန္တလေးဆိပ်ကမ်း၌ ဧရာဝတီမြစ်ရေများ ဇွန်လအတွင်း ၁၀ ပေ ဝန်းကျင် မြင့်တက်လာနိုင်”
03 Jun
ဧရာဝတီမြစ်ရေသည် ဇွန်လ ၁ ရက် နံနက်ပိုင်းက မြစ်ကြီးနားတွင် စိုးရိမ်ရေအမှတ်အထက် ၂ လက်မ ခန့် ကျော်လွန်ခဲ့ရာက မွန်းလွဲပိုင်းတွင် ပြန်လည်ကျဆင်းလာပြီဖြစ်၍ ထိုမြစ်ရေများ အောက်ဘက်သို့ စီးဆင်းလာမှာဖြစ်လို့ မန္တလေးဆိပ်ကမ်းတွင် ဇွန်လအတွင်း ၁၀ ပေမှ ၁၄ ပေဝန်းကျင် မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားပါတယ်။ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနအနေနဲ့ ဇွန်လပထမ ၁ဝ ရက်ခန့်မှန်းချက်တွင် ဧရာဝတီမြစ်ရေသည် မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူ၊ ကသာနှင့် သပိတ်ကျင်းတို့တွင် ၈ ပေမှ ၁၃ ပေခန့်၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံတို့တွင် ၁၄ ပေခန့် မြင့်တက်လာနိုင်ပါတယ်။ ဇွန်လအတွင်း သပိတ်ကျင်း၊ မန္တလေး၊ ညောင်ဦးမြို့များ၌ ၁၀ ပေခန့် နှင့် ရွှေစာရံ၊ မြစ်ငယ်မြို့များတွင် ၅ ပေခန့် မြင့်တက်လာနိုင်ပါတယ်။ ၂ဝ၂၄ ခုနှစ်၊ မေ ၃၁ ရက်က မန္တလေးဆိပ်ကမ်းမြစ်ရေအမှတ်မှာ ၄၃၉ စင်တီမီတာရှိခဲ့ရာမှ ယခု ၂၀၂၅ ခုနှစ် ကာလတူတွင် ၄ ပေနီးပါး ပိုများနေပါတယ်။ မန္တလေးဆိပ်ကမ်းတွင် နံနက် ၆ နာရီခွဲအချိန် မြစ်ရေတိုင်းထွာချက်များအရ မေလ ၃၀ ရက်တွင် ၅၂၄ စင်တီမီတာ၊ ၃၁ ရက်တွင် ၅၆၁ စင်တီမီတာ၊ ဇွန်လ ၁ ရက်တွင် ၆၅၄ စင်တီမီတာနှင့် ဇွန်လ ၂ ရက် တွင် ၆၉၇ စင်တီမီတာဖြစ်ရာ ရက်ပိုင်းအတွင်း မြစ်ရေ ၄ ပေခန့် မြင့်တက်လာပြီး၊ ကသာမြို့တွင် ဇွန်လ ၂ ရက် တိုင်းထွာချက်များအရ ၂ ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ (NVS-004)