“တာချီလိတ်မြို့အတွင်း အခြေခံပညာကျောင်းပေါင်း ၁၀၀ ကျော် စတင်ဖွင့်လှစ်”

03 Jun

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း ၁၃၀ ကို ဇွန်လ ၂ ရက်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းအပ်နှံခြင်းများကို ဆက်လက်လက်ခံဆောင်ရွက်ပေးနေပါတယ်။ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်အတွက် “ကျောင်းနေအရွယ်ကလေးများအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ မေလ ၂၂ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၂ ရက်မှစတင်ကာ ကျောင်းများ အားလုံးဖွင့်လှစ်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ တာချီလိတ်မြို့နယ်အတွင်းမှာ အခြေခံပညာအထက်တန်းကျောင်း ၆ ကျောင်း၊ အခြေခံပညာ အထက်တန်း ကျောင်းခွဲ ၆ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း ၅ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၆ ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း ၉၃ ကျောင်းနှင့် မူလတန်းလွန်ကျောင်း ၁၄ ကျောင်း စုစုပေါင်း အခြေခံပညာ ကျောင်းပေါင်း ၁၃၀ ရှိကြောင်း သိရပါတယ်။ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ကြားနိုင်ရေး ပညာရေး ဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုနဲ့ဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း နံနက်ပိုင်းမှစ၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ကျောင်းသူများ စတင်ပညာသင်ကြားနေကြပြီ ဖြစ်ပါတယ်။(NVS 004 )

03 Jun

ADVERTISE HERE .