“ကော့သောင်းမြို့မှာ အပြည်ပြည်ဆိုင်ရာနယ်စပ်ဝင်/ထွက်ဂိတ်အဆောက်အဦအသစ်ဖွင့်လှစ်”
03 Jun
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ ကမ်းနားလမ်းမှာ နယ်စပ်ကုန်သွယ်ရေး အတွက် အရေးပါတဲ့အပြည်ပြည်ဆိုင်ရာနယ်စပ်ဝင်/ထွက်ပေါက်ဂိတ်အဆောက်အဦသစ်ကို ဇွန်လ ၂ ရက် ဖွင့်လှစ် ပေးခဲ့ပါတယ်။ အခမ်းအနားမှာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို က နှစ်ပေါင်း ၆၀ ခန့် ကတည်ဆောက်ခဲ့တဲ့ အဆောက်အဦကို မြန်မာ့ယဉ်ကျေးမှု အနုသုခုမလက်ရာများ မပျောက်မပျက်စေဘဲနဲ့ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အညီ နိုင်ငံခြားသင်္ဘောများနှင့်စက်လှေများ မြို့မဆိပ်ခံတံတားကို ပိုမိုဝင်/ထွက်ဆိုက်ကပ်လာတာကြောင့် အပြည်ပြည်ဆိုင်ရာနယ်စပ်ဝင်/ထွက်ပေါက်ဂိတ် အဆောက်အဦသစ်အဖြစ် ပြင်ဆင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မြန်မာ-ထိုင်း နှစ်နိုင်ငံကြား ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် လူမှုစီးပွားဆက်သွယ်ရေးကို မြှင့်တင်ရန်၊ နယ်စပ်ဖြတ်သန်းမှုစနစ်တကျဖြစ်စေရန် နိုင်ငံတကာအဆင့်မီသည့် နယ်စပ်ဝင်/ထွက်ဂိတ်အဆောက်အဦ အဖြစ်လည်း ပြင်ဆင်တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ လာမည့်ခရီးသွားရာသီများမှာ နေ့ချင်းပြန်/ညအိပ်ကျွန်း ခရီးစဉ် များနဲ့ လာရောက်လည်ပတ်ပြီး ကော့သောင်းမြို့ရဲ့ သဘာဝအလှတရားများဖြစ်သော ရေ၊ မြေ၊ တော၊ တောင်တို့ရဲ့အလှတရားများကို ကြည့်ရှုခံစားမယ့် နိုင်ငံခြားခရီးသွား ဧည့်သည်များပိုမို ဝင်ရောက်လာနိုင်ပါတယ်။ အဆိုပါအပြည်ပြည်ဆိုင်ရာနယ်စပ်ဝင်/ထွက်ဂိတ် အဆောက်အဦသစ်ကို တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ရန်ပုံငွေကျပ် ၁,၆၉၇ ဒသမ ၁၄ သန်းဖြင့် ၂၀၂၃ ခုနှစ်မှစတင်ကာ နောင်ရိုးမြန်မာဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ လီမိတက်မှ တာဝန်ယူဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ သံကူကွန်ကရစ်အဆောက်အဦးအမျိုးအစားဖြစ်ပြီး အလျား ၁၂၀ ပေ၊ အနံ ၆၀ ပေ၊ အမြင့် ၁၄ ပေရှိတဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုလွှမ်းခြုံသော ခေတ်မီဗိသုကာဒီဇိုင်းနဲ့ ဆောင်ရွက် ထားခြင်းဖြစ်ပါတယ်။(NVS 004 )