“မြစ်ကြီးနားမြို့မှာ ရေဘေးကယ်ဆယ်ရေးစခန်း ၁၀ ခုနဲ့အကူအညီများဆောင်ရွက်ပေးလျက်ရှိ”
03 Jun
ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေတဲ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ အိမ်ထောင်စု ၈၀၀ ကျော်မှ လူဦးရေ ၄,၀၀၀ ကျော်ကို ရေဘေးကယ်ဆယ်ရေးစခန်း ၁၀ ခုဖွင့်လှစ်ကာ အကူအညီများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ကနေ သိရပါတယ်။ အဆိုပါမြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေမှာ ဇွန်လ ၁ ရက်မနက်ပိုင်းမှစတင်ကာ ၎င်းမြို့ရှိ အနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ ဝင်ရောက်ခဲ့သဖြင့် အိမ်ထောင်စု ၈၁၀ စု၊ လူဦးရေ ၄,၀၂၀ ဦးတို့ ရေဘေးလွတ်မြောက်ရာ ရွှေ့ပြောင်းခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။ ယခုအခါ ရေဘေးသင့်ပြည်သူများကို ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့ရဲ့ စီမံမှုနဲ့ ဇွန်လ ၁ ရက်မွန်းလွဲပိုင်းအထိ ကြက်ပေါင်ခြံရပ်ကွက်ရှိ ရွှေဆုပန်ဘုန်းတော်ကြီး ကျောင်းနှင့် အ.မ.က(မူလွန်)ကျောင်း၊ လယ်ကုန်းရပ်ကွက်ရှိ အမှတ်(၁) မူလွန်ကျောင်း၊ အမှတ် (၁၂) အခြေခံပညာ အထက်တန်းကျောင်း(ဇီးလွန်)၊ ရမ်ပူရပ်ကွက်ရှိ မာမကဘုန်းတော်ကြီးကျောင်း၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းခွဲ၊ အောင်သဒ္ဓိဘုန်းတော်ကြီးကျောင်းနှင့် ရွှေဘိုကျောင်း၊ မြို့သစ်ကြီးရပ်ကွက်ရှိ အောင်ဇေရန် အောင်ဘုန်းကြီးကျောင်းနှင့် မြေမြင့်ရပ်ကွက်ရှိ မြေမြင့်ဘုန်းတော်ကြီးကျောင်း စတဲ့နေရာအသီးသီးတို့မှာ ကယ်ဆယ်ရေးစခန်း ၁၀ ခု ဖွင့်လှစ်ထားရှိကာ ရေဘေးသင့် အိမ်ထောင်စုများ နေထိုင်စားသောက်မှု အဆင်ပြေစေရေး အတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်ဘူး၊ ဆန်ပြုတ်ဘူးများ၊ ရေသန့်ဘူးများကို ထောက်ပံ့ပေးလျက်ရှိကြောင်း သိရပါတယ်။ (NVS 004 )