“ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပြန်လည်ဖော်ထုတ်ဆယ်ယူခဲ့သည့် ရှေးဟောင်းရေကန်များတွင် ရေဝင်ရောက်မှုများပြား”
02 Jun
ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် မိုးရွာသွန်းမှုများခြင်းကြောင့် ပြန်လည်ဖော်ထုတ် ဆယ်ယူခဲ့သည့် ပုဂံခေတ်ရေကန်များ ရေပြည့်ရေလျှံသည်အထိ ရေများဝင်ရောက်မှု များပြားလျက်ရှိကြောင်း သိရပါတယ်။ ညောင်ဦးမြို့နယ်၌ မိုးရွာသွန်းမှုများ၍ ဧပြီလနှင့် မေလအတွင်း ရွာသွန်းခဲ့သည့် မိုးရေချိန်များကြောင့် ပြန်လည် ဖော်ထုတ်ဆယ်ယူခဲ့သည့် ပုဂံခေတ်ရေကန်များအတွင်း ရေဝင်ရောက်မှုများပြားခဲ့ပြီး ဧပြီလတွင် မိုးရေချိန် ၃ ဒသမ ၇၈ လက်မ၊ မေလတွင် ၁၃ ဒသမ ၆၂ လက်မ ရွာသွန်းခြင်းနှင့်အတူ ပြန်လည်ဖော်ထုတ်ဆယ်ယူထားသည့် ရှေးဟောင်း ရေကန်များတွင် ရေများပြည့်လျှံနေပြီဖြစ်ပါတယ်။ မေလအတွင်းမှာ မိုးရွာသွန်းမှုပိုမိုများပြားကာ မေလ ၁ ရက်တွင် ၄ ဒသမ ၃၇ လက်မ၊ မေလ ၂၆ ရက်တွင် ၁ ဒသမ ၈၉ လက်မ၊ မေလ၂၇ ရက်တွင် ၁ ဒသမ ၆၅ လက်မနှင့် မေလ၂၈ ရက်တွင် ၁ ဒသမ ၂၂ လက်မ ရွာသွန်းခဲ့ပါတယ်။ ဒါကြောင့် ဧပြီလနှင့် မေလအတွင်း မိုးရေချိန် ၁၇ ဒသမ ၄၀ လက်မ ရွာသွန်းခဲ့တယ်လို့ ညောင်ဦးမြို့နယ် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ တာဝန်ရှိသူများထံမှ သိရပါတယ်။ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပုဂံခေတ်ကအသုံးပြုခဲ့သည့် ရှေးဟောင်းရေကန်များဖြစ်သည့် အလံပုဂံကန်၊ မရိုးကန်၊ မနူမရွဲကန်၊ နန္ဒာကန်၊ ရွှေနန်းရင်တောကန်၊ ဆင်ဖြူရှင်ကန်၊ ဆွေတော်မျိုးတော်ကန်၊ ရွှေထီးကန်၊ ဘူးလည်သီးကန်၊ ဖိုးသူတော်ကန်၊ ညောင်လက်ဖက်ကန် အစရှိတဲ့ ရှေးဟောင်းရေကန်များနှင့်အတူ တုရင်တောင်ခြေရှိ မြကန်မှာလည်း ရေဝင်ရောက်မှုများပြားနေတာဖြစ်ပါတယ်။ (NVS-004)