ပြင်ဦးလွင်ကော်ဖီစီမံကိန်းမြေများ ရောင်းခွန်ပေးဆောင်ရန် လူပုဂ္ဂိုလ် ၅၀ ကျော်ကျန်ရှိနေ
02 Jun
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်ဒေသကော်ဖီစီမံကိန်းမြေလွတ်၊ မြေလပ်၊ မြေရိုင်းမြေနှင့် သစ်တောမြေများအတွင်း ကော်ဖီစီမံကိန်းမြေများ ဖော်ဆောင်ခွင့်ပြုထားရာ ရောင်းခွန်ပေးဆောင်ရန် လူပုဂ္ဂိုလ် ၅၅ ဦးကျန်ရှိနေကြောင်း စိုက်ပျိုးရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ အဆိုပါနေရာများမှာ ကော်ဖီစိုက်ပျိုးလုပ်ကိုင်ခွင့်ကို စာချုပ်ပါ စည်းကမ်းသတ်မှတ်ချက်နှင့်အညီ စာချုပ်ချုပ် ဆိုကာ ခွင့်ပြုပေးခဲ့ရာ အချို့သောလုပ်ငန်းရှင်များက မိမိသဘောဆန္ဒအလျောက် ရောင်းချခြင်း၊ ဝယ်ယူခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရပါတယ်။ ဒါကြောင့် ကော်ဖီစိုက်ပျိုးရေးလုပ်ငန်း အရှိန်မတန့်စေရေးရည်ရွယ်ကာ အထူးကိစ္စ တစ်ရပ်အနေနဲ့ ရောင်းခွန်၊ဝယ်ခွန် ပေးဆောင်ခြင်းကို ခွင့်ပြုကြောင်း သတင်းစာများမှာ ထည့်သွင်းကြေညာခဲ့ပြီး ဖြစ်ပါတယ်။ သို့ရာတွင် ဖော်ပြပါပုဂ္ဂိုလ်များက ပြင်ဦးလွင်ကော်ဖီစီမံကိန်းကြီးကြပ်ရေးအဖွဲ့၏ စိစစ်တင်ပြချက်အရ ယခုအချိန်ထိတိုင်အောင် သတ်မှတ်ရောင်းခွန်များကို တာဝန်မဲ့စွာနဲ့ ပေးဆောင်မှုမရှိသည်ကို စိစစ်တွေ့ရှိရကြောင်း ဖော်ပြထားပါတယ်။ သို့ဖြစ်၍ ရောင်းခွန်ပေးဆောင်ရန် ကျန်ရှိသူများ အနေနဲ့ ဇွန်လ ၁၃ ရက် နောက်ဆုံးထား၍ ရောင်းခွန်ပေးဆောင်ကြရန်နှင့် ပေးဆောင်မှုမရှိပါက မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ၊ တည်ဆဲ ဥပဒေများနှင့်အညီ တရားစွဲဆိုသွားမည်ဖြစ်ကြောင်းလည်း အသိပေးထားပါတယ်။ (NVS 004)