“IBEC ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတို့ ပြန်လည်ဖွင့်လှစ်နိုင်”
02 Jun
မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ IBEC ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် IBEC ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတို့ကို ဇွန်လ ၂ ရက်မှာ ပြန်လည် ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ(IBEC)မှ သိရပါတယ်။ အဆိုပါစာသင်ကျောင်းများက မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပေမယ့် IBEC ဆရာတော်ရဲ့ဦးဆောင်မှုနဲ့ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်အချိန်မီ ပြန်လည်ဖွင့်လှစ်နိုင်ရန်ဆောင်ရွက်ခဲ့ခြင်း၊ အလှူရှင် များရဲ့ စာသင်ကျောင်းများဆောက်လုပ်နိုင်ရန် အလှူငွေများလှူဒါန်းခဲ့ကြခြင်း၊ စာသင်ကျောင်းများ အချိန်မီပြီးစီးရန် ကျောင်းတိုက်နေသံဃာများက နေ့စဉ်လုပ်အားပေး ဆောက်ရွက်လျက်ရှိခြင်းတို့ကြောင့် အခုလို ပြန်လည်ဖွင့်လှစ် နိုင်ခဲ့ခြင်း ဖြစ်ကြောင်းသိရပါတယ်။ ယာယီစာသင်ကျောင်းဆောင်များအား Steel Structure နဲ့ အမြန်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အလှူရှင် များက ကျောင်းဆောင်တစ်ဆောင် ငွေကျပ်သိန်း ၂၀၀ နှုန်းနဲ့ လှူဒါန်းခဲ့ကြပြီး လက်ရှိအချိန်မှာ ကျောင်းဆောင် ၂၂ ဆောင် အထိရှိပြီဖြစ်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အမီ ကျောင်းဖွင့်စာသင်နိုင်တဲ့ အခြေအနေသို့ ရောက်ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ကျောင်းဖွင့်ပွဲအခမ်းအနားကို လာမယ့် ဇွန်လ ၃ ရက်မှာကျင်းပသွားမည်ဖြစ်ပါတယ်။ (NVS 004)