“အတိုးနှုန်းသက်သာသော အိမ်ရာချေးငွေဖြင့် အခန်းများ ရောင်းချမည်”

02 Jun

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဆောက်လုပ်သော သီလဝါ၊ ယုဇနအပိုင်း (၃)၊ ရိုးမရိပ်သာနှင့်ကျန်စစ်မင်းအပိုင်း(၁) အိမ်ရာတို့ရှိ တိုက် ၇ လုံး၊ အခန်း ၂၄၉ ခန်းကို အတိုးနှုန်းသက်သာသော အိမ်ရာချေးငွေစနစ်ဖြင့် ချိတ်ဆက်၍ ၂ဝ၂၅ ခုနှစ်၊ ဇွန်လမှာ ရောင်းချသွားမယ်လို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရပါတယ်။ ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID Bank) မှာ ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ အိမ်ရာစုဆောင်းငွေ ကျပ်သိန်း ၃၀ နှင့်အထက်ပြည့်မီအောင် စုဆောင်းထားရှိသူ ၂,၀၂၀ ဦးစာရင်းတွင် ပါဝင်သူများက အဆိုပါ အိမ်ရာ၊ အခန်းများကို စာရင်းပေးသွင်း လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ စာရင်းပေးသွင်းခြင်း ကို DUHD Sale Housing Facebook Page ၏ Messenger မှတစ်ဆင့် ဇွန်လ ၁၆ ရက်မှ ၂၀ ရက်အတွင်း စာရင်းပေးသွင်း ရမှာဖြစ်ပြီး နံနက် ၉နာရီခွဲ မှ ညနေ ၄ နာရီအထိ လက်ခံဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ဝယ်ယူလိုသူများအနေနဲ့ရောင်းချမယ့် အိမ်ရာ၏ တည်နေရာ၊ အဆောက်အဦအမျိုးအစား၊ အခန်းအကျယ် အဝန်း၊ ဈေးနှုန်းတို့ကို ကြည့်ရှုလေ့လာပြီး ဝယ်ယူသူအမည်၊ မှတ်ပုံတင်အမှတ်၊ အိမ်ရာအမည်၊ အဆောက်အဦ အမျိုးအစား၊ CHID Bank Down Payment Serial No. တို့ကို ပြည့်စုံစွာ စာရင်းပေးသွင်းရမှာဖြစ်ပါတယ်။ ဒါ့အပြင်ငွေစုစာရင်းရှင်တစ်ဦးအတွက် ၁ ကြိမ်သာ စာရင်းပေးသွင်းရမှာဖြစ်လို့မိမိဝယ်ယူလိုတဲ့ အိမ်ရာနှင့် အဆောက်အဦအမျိုးအစားကို သေချာစွာစဉ်းစားပြီးမှသာ စာရင်းပေးသွင်းရန် အသိပေးထားပါတယ်။ (တိုက်အမှတ်၊ အခန်းအမှတ်များ ရွေးချယ်လျှောက်ထားခွင့်မရှိပါ။) အိမ်ရာ၊ အဆောက်အဦ အမျိုးအစားအလိုက် စာရင်းပေးသွင်း လျှောက်ထားသူများအနက် ရောင်းချပေးနိုင်တဲ့ အခန်းအရေအတွက်အရ CHID Bank ရဲ့ တန်းစီဇယားအစောဆုံး အမှတ်စဉ်များကို မဲနှိုက်ခွင့်ပြုပေးသွားမှာ ဖြစ်ပါတယ်။ အခန်းမဲနှိုက်ခြင်းကို ဇွန်လ ၂၇ ရက်တွင် ဆောင်ရွက်သွားမှာဖြစ်ပြီး အခန်းဝယ်ယူခွင့်ရရှိသူများက အိမ်ရာ ချေးငွေကို မဖြစ်မနေ ချေးယူရမှာဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၊ ဖုန်း ဝ၉-၇၉၅၈၂၄၇၂၂ သို့ဆက်သွယ်မေးမြန်နိုင်ကြောင်း သိရပါတယ်။ (NVS 004)

02 Jun

ADVERTISE HERE .