သံမဏိနှင့် အလူမီနီယံသွင်းကုန်များအပေါ် အခွန်ထပ်တိုးမည်ဟု သမ္မတဒေါ် နယ်ထရန့် ပြောကြား

01 Jun

အမေရိကန်နိုင်ငံသို့ တင်သွင်းမည့် သံမဏိနှင့်အလူမီနီယံများကို ၂၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်တင်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က မေလ ၃၀ ရက်တွင် ထုတ်ဖော်ပြောကြား လိုက်သည်။ အမေရိကန်သံမဏိထုတ်လုပ်ရေးလုပ်ငန်း အားကောင်းခိုင်မာနေစေရေးအတွက် အမေရိကန်နိုင်ငံသို့ တင်သွင်းမည့် သံမဏိနှင့်အလူမီနီယံများကို ၂၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်တင်စည်းကြပ်ရန် စီစဉ်ထားကြောင်း သမ္မတ ဒေါ်နယ်ထရန့်က ၎င်းကို အားပေးထောက်ခံသူများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် အမေရိကန်အစိုးရက သံမဏိနှင့်အလူမီနီယံသွင်းကုန်များအပေါ် အခွန်စည်းကြပ်မှု ထပ်တိုး ခဲ့ပါက နိုင်ငံတကာ သံမဏိထုတ်လုပ်ရေးလုပ်ငန်းများအပေါ် ဖိအားပေးနိုင်ပြီး ကုန်သွယ်ရေးစစ်ပွဲ ပို၍ပြင်းထန် လာနိုင်ကြောင်း လေ့လာသူများက သုံးသပ်ထားသည်။ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့်ရယူထားသော အခွန်စည်းကြပ်မှုများနှင့် ကုန်သွယ်ရေး ကန့်သတ်ချက်များ အပြန်အလှန်ရုပ်သိမ်းရေး သဘောတူညီချက်များကို ချိုးဖောက်နေကြောင်း စွပ်စွဲခဲ့ပြီးနောက် အမေရိကန်နိုင်ငံသို့ တင်သွင်းမည့် သံမဏိနှင့်အလူမီနီယံတို့ကို အခွန်စည်းကြပ်မှု မြှင့်တင်မည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရန့် က ကြေညာခဲ့ခြင်းဖြစ်သည်။ သံမဏိနှင့်အလူမီနီယံသွင်းကုန်များကို အခွန်စည်းကြပ်မှုမြှင့်တင်မည့် သမ္မတ ဒေါ်နယ်ထရန့် ၏ အစီအစဉ်ကို ကနေဒါကုန်သည်ကြီးများအသင်းအပြင် အင်ဒို-ပစိဖိတ်မဟာမိတ်နိုင်ငံဖြစ်သည့် ဩစတြေးလျနိုင်ငံ ကလည်း ဝေဖန်ထားကြောင်း သိရသည်။

01 Jun

ADVERTISE HERE .