တရုတ်နိုင်ငံက အပြည်ပြည်ဆိုင်ရာကြားဝင်ဖျန်ဖြေပေးရေးအဖွဲ့ကို နိုင်ငံပေါင်း ၃ဝ ကျော်ဖြင့်ဖွဲ့စည်း
31 May
တရုတ်နိုင်ငံက အပြည်ပြည်ဆိုင်ရာ ကြားဝင်ဖျန်ဖြေပေးရေးအဖွဲ့ကို နိုင်ငံပေါင်း ၃၀ ကျော်ဖြင့် မေလ ၃၀ ရက်တွင် ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်းသိရသည်။ အဆိုပါအဖွဲ့တွင် ပါကစ္စတန်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံမှသည် ဘယ်လာရုစ်နှင့် ကျူးဘားနိုင်ငံတို့အထိ ပါဝင်သည်။ ထိုနိုင်ငံပေါင်း ၃၀ ကျော်မှ ကိုယ်စားလှယ်များက အပြည် ပြည်ဆိုင်ရာ ကြားဝင်ဖျန်ဖြေပေးရေးအဖွဲ့ကို ဖွဲ့စည်းမှုညီလာခံတွင် ပါဝင်လက်မှတ်ရေးထိုးခြင်းဖြင့် အဆိုပါအဖွဲ့ကို တည်ထောင်သူအဖွဲ့ဝင်နိုင်ငံများဖြစ်လာသည်။ ထိုအပြည်ပြည်ဆိုင်ရာ ကြားဝင်ဖျန်ဖြေပေးရေးအဖွဲ့ကို တရုတ်နိုင်ငံက ဦးဆောင်ဖွဲ့စည်းခြင်းဖြစ်ကာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ က ပါဝင်လက်မှတ်ရေးထိုးထားသည်။ ထို့ပြင် တရုတ်နိုင်ငံက အပြန်အလှန် လေးစားမှုနှင့် ဆွေးနွေးမှုမှတစ်ဆင့် ညှိနှိုင်းဆောင်ရွက်မှုစိတ်ဓာတ်ဖြင့် မတူညီမှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရေး အကြံပြုခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်း၊ ယခုအဖွဲ့ကို ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်တစ်ခုမှာ နိုင်ငံများကြား ပဋိပက္ခများကို ဖြေရှင်းရာတွင် တရုတ်နိုင်ငံ၏ အသိဉာဏ်အမြော်အမြင်ကို ပံ့ပိုးပေးနိုင်စေရေးဖြစ်ကြောင်း ဝမ်ယီ ကပြောသည်။ အလားတူ ဟောင်ကောင်၌အခြေစိုက်သည့် ထိုအဖွဲ့သည် နိုင်ငံတကာ၌ဖြစ်ပွားနေသည့် အငြင်းပွားမှုများကို ချစ်ကြည်ရင်းနှီးမှုမပျက် ဖြေရှင်းပေးနိုင်စေရေး၊ ပိုမိုဟန်ချက်ညီသော တစ်ကမ္ဘာလုံးဆိုင်ရာ ဆက်ဆံရေးကို တိုးမြှင့်တည်ဆောက်ပေးနိုင်ရေးဖြစ်ကြောင်း ဝမ်ယီ ကဆက်ပြောသည်။ ထို့ပြင် အဆိုပါအဖွဲ့ကို ဖွဲ့စည်းခြင်းသည် ကုလသမဂ္ဂ၏ပဋိညာဉ်ပါ အခြေခံသဘောတရားများကို ကာကွယ်စောင့်ရှောက်နိုင်ရေး ဖြစ်ကြောင်း ဝမ်ယီ ကပြောထားသည်ဟု သိရသည်။