“နေပြည်တော်-သာစည်-သဲတော-မန္တလေးရထားလမ်းပိုင်း မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး ပြုပြင်ဆောင်ရွက်လျက်ရှိ”
30 Mayနေပြည်တော်-သာစည်-သဲတော-မန္တလေး ရထားလမ်းပိုင်းတွင် မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေးအတွက် ပြုပြင် မှုများ ဆောင်ရွက်လျက်ရှိပြီး အဆိုပါဆောင်ရွက်နေမှုများအပြင် စစ်ကိုင်းတံတား(အင်းဝ)၊ လူစီးတွဲနှင့်ကုန်တွဲစက်ရုံ (မြစ်ငယ်)၊ သစ်သားဇလီဖားပေါင်းစက်ရုံ(မြို့ဟောင်း)နှင့် မန္တလေးဘူတာကြီးတို့ကို မေလ ၂၉ ရက်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်မြိုင် က တာဝန်ရှိသူများနှင့်အတူ လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကြောင်းသိရပါတယ်။ နေပြည်တော်-သာစည်-သဲတော-မန္တလေးရထားလမ်းပိုင်း၌ မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေးအတွက် ပြုပြင်ဆောင် ရွက်နေမှုကို ဒုတိယဝန်ကြီးက RBE ရထားဖြင့် လိုက်ပါစီးနင်း၍စစ်ဆေးခဲ့ပြီး တံတားအဝင်/အထွက် နေရာများတွင် ခုန်ဆောင့်လူးမဖြစ်စေရေး Run Off Frame များကို စနစ်တကျတပ်ဆင်သွားရန်၊ ကွေ့ဒီဂရီ၊ Alignment နှင့် Super Elevations များ မှန်ကန်မှုရှိစေရေး စနစ်တကျစစ်ဆေးဆောင်ရွက်ရန်၊ သံလမ်းအဆက်နေရာများတွင် သံလမ်းအဆက် ညှိခြင်းလုပ်ငန်းများ စနစ်တကျဆောင်ရွက်ရန်၊ ရေတိုက်စားခံရသည့်နေရာများတွင် တာပခုံးများကို သတ်မှတ်အကျယ် ရရှိအောင် စနစ်တကျဆောင်ရွက်ရန်၊ တံတားအသစ်ပြန်လည်တည်ဆောက်မည့် တံတားအမှတ် ၆၇၇၊ ၆၉၁၊ ၇၃၉ နှင့် ၇၇၁ တို့အတွက် Soil Test စနစ်တကျဆောင်ရွက်ရန်နှင့် ပြင်းထန်သော မြေငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ ဘူတာ ရုံးခန်းနေရာများတွင် မော်ဂျူလာရုံးခန်းများအဖြစ် အမြန်အစားထိုးတည်ဆောက်သွားရန် ဆွေးနွေးမှာကြားခဲ့ပါတယ်။ ထပ်မံ၍ မြေငလျင်ဒဏ်ကြောင့် သံပေါင်ခုံးများပြုတ်ကျခဲ့သည့် စစ်ကိုင်းတံတား(အင်းဝ)သို့ သွားရောက်ကာ တံတားဂုံးအမှတ်(၄) ဖျက်သိမ်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ မန္တလေးမြို့ ၇၇ လမ်းနှင့် ၂၇ လမ်းထောင့်ရှိ ငလျင်ဒဏ် သင့်ခဲ့တဲ့ မြန်မာ့မီးရထားပိုင် ခြောက်ထပ်အဆောက်အအုံ ထိခိုက်ပျက်စီးမှု၊ လူစီးတွဲနှင့်ကုန်တွဲစက်ရုံ(မြစ်ငယ်)၊ သစ်သား ဇလီဖားပေါင်းစက်ရုံ(မြို့ဟောင်း)နှင့် မန္တလေးဘူတာကြီးတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းအမျိုးအစား အလိုက် လိုက်နာဆောင်ကြရွက်ရန် လိုအပ်သည့်အချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရပါတယ်။ (NVS-004)