“တံတားဦးမြို့နယ်၌ မိုးသီးနှံစုံ ဧက ၁၇၀,၀၀၀ ကျော် လျာထားစိုက်ပျိုးမည်”

30 May

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်ရှိ ဒေသခံတောင်သူများအနေနဲ့ ရာသီအလိုက်သီးနှံများ စိုက်ပျိုးလျက်ရှိရာ ယခုနှစ်မိုးရာသီတွင် ဆည်ရေသောက်၊ ကန်ရေသောက်၊ လျှပ်စစ်မြစ်ရေတင်စနစ်နှင့် မိုးကောင်း သောက်စနစ်များဖြင့် သီးနှံစုံ ဧက ၁၇၀,၀၀၀ ကျော် လျာထားစိုက်ပျိုးသွားမယ်လို့ တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မှ သိရပါတယ်။ တံတားဦးမြို့နယ်၌ စိုက်ပျိုးမည့် မိုးသီးနှံစုံများမှာ မိုးစပါး ၁၄,၅၇၅ ဧကနှင့် နှံစားပြောင်း ၁၂,၈၉၈ ဧက၊ ပဲမျိုးစုံ ၂၀,၇၃၉ ဧက ဆီထွက်သီးနှံစုံ ၆,၅၂၃ ဧက၊ စားဖိုဆောင်သီးနှံ ၅၃၃ ဧက၊ ကျွဲ၊ နွားစာအဖြစ် ၄၈,၅၃၈ ဧကနှင့် ပဲမြစ် ၂,၁၄၅ ဧက၊ စားသုံးခြင်းမပြုသည့် သီးနှံ ၇၈၅ ဧက၊ ဟင်းသီးဟင်းရွက် ၉၉၃ ဧက၊ ဝါဧက ၅,၂၂၀၊ ကြံ ၈၁ ဧကနှင့် နှစ်ရှည်ပင် ၆,၄၃၉ ဧကတို့ကို စိုက်ပျိုးသွားမှာဖြစ်ပါတယ်။ သီးနှံမျိုးစုံအထွက်တိုးရေးနှင့် အောင်မြင်သောသီးနှံမျိုးစုံရရှိရေးအတွက် သက်ဆိုင်ရာဌာနများ၊ မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှဝန်ထမ်းများနှင့် ဒေသခံတောင်သူများပူးပေါင်းပြီး အထွက်နှုန်းကောင်းမျိုးများ၊ အရည်အသွေးကောင်း မျိုးများ တိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံသာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးကို ခေတ်မီ နည်းစနစ်များနှင့်အညီ စိုက်ပျိုးသီးနှံများ တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။ (NVS-004)

30 May

ADVERTISE HERE .