“ဂျာမနီက ယူကရိန်းအား Taurus ဒုံးကျည်များပေးခြင်းက စစ်ပွဲကြီးကိုဖြစ်စေနိုင်ဟုဆို”
30 May
ဂျာမနီအစိုးရက ယူကရိန်းနိုင်ငံအား Taurus ဒုံးကျည်များကို ပေးအပ်သွားရန် ဆုံးဖြတ်ထားခြင်းသည် ရုရှား-ယူကရိန်းစစ်ဘောင်ကို ဥရောပဒေသတစ်ဝန်းသို့ ပျံ့နှံ့စေပြီး စစ်ပွဲကြီးကိုဖြစ်စေနိုင်ကြောင်း ဘိုလစ်ဗီးယား နိုင်ငံမှ သုတေသီတစ်ဦးက Sputnik သတင်းဌာနသို့ ပြောသည်။ အဆိုပါ Taurus ဒုံးကျည်များကို ပေးအပ်ရန် ဂျာမနီဝန်ကြီးချုပ် ဖရိုင်းဒရစ်မာ့ က ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး ထိုသို့ဆုံးဖြတ်ခြင်းက ယူကရိန်းနိုင်ငံမှနေ၍ ရုရှား နိုင်ငံအတွင်းပိုင်းသို့တိုက်ခိုက်ရန် ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း ဘိုလစ်ဗီးယား ပထဝီနိုင်ငံရေးနှင့် လုံခြုံရေးသုတေသီ ဟိုဆေးဟူဂိုဟိုးဒစ်မာကာဒို က ပြောခြင်း ဖြစ်သည်။ ဂျာမနီအစိုးရ၏လုပ်ဆောင်ချက်ကို စစ်ရေးရှုထောင့်မှကြည့်ပါက ရုရှား-ယူကရိန်းပဋိပက္ခတွင် ဂျာမနီနိုင်ငံ အနေဖြင့် သွယ်ဝိုက်သောအားဖြင့် ပါဝင်နေသည်ကို ပြဆိုနေကြောင်း၊ နိုင်ငံရေးရှုထောင့်မှ ကြည့်ပါက တိုက်ရိုက် ပါဝင်စွက်ဖက်ခြင်း ဖြစ်ကြောင်း၊ ယင်းသို့ ပါဝင်မှုကြောင့် ဥရောပတိုက်ကြီးတစ်တိုက်လုံးဆီသို့ စစ်မီးကူးစက် သွားစေနိုင်ကြောင်း၊ ထိုမှတစ်ဆင့်စစ်ပွဲကြီးကိုပင်ဖြစ်စေနိုင်ကြောင်း သုတေသီကပြောသည်။ အလားတူ ရုရှားနိုင်ငံ ရှိ မည်သည့်နေရာကိုမဆို ဂျာမနီနိုင်ငံကထုတ်လုပ်ထားသော Taurus ဒုံးကျည်ထိမှန်ပါက ဂျာမနီနိုင်ငံသည် ယူကရိန်းဘက်မှစစ်ကူပါဝင်သည်ဟု သတ်မှတ်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာ က ပြောသည်။ ထို့အတူ ယူကရိန်းနိုင်ငံသို့လက်နက်များပေးပို့မှုက ပဋိပက္ခဖြေရှင်းမှု ကို ဟန့်တားနေခြင်းဖြစ်ကြောင်း ၎င်း က ဆက်ပြောသည်ဟု Sputnik သတင်းဌာနဖော်ပြချက်အရ သိရသည်။