“မြန်မာနိုင်ငံဘက်သို့ ရွှေ့လျားလားနိုင်ခြင်းမရှိတာကြောင့် မုန်တိုင်းငယ်ကို အဝါရောင်အဆင့်အဖြစ်သတ်မှတ်”
30 May
ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပါ်နေသော မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွှေ့လျားလာ နိုင်ခြင်းမရှိ၍ အဝါရောင်အဆင့်သတ်မှတ်ထားတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မေလ ၂၉ ရက်က မုန်တိုင်းငယ်သတင်းအမှတ်စဉ်(၀၁/၂၀၂၅)အဖြစ် အသိပေးထုတ်ပြန်ပါတယ်။ အဆိုပါ မုန်တိုင်းငယ်က မြန်မာနိုင်ငံ၊ စစ်တွေမြို့ရဲ့ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၂၅၅ မိုင်ခန့် အကွာ ပင်လယ်ပြင်ကိုဗဟိုပြုနေပြီး ဗဟိုချက်လေဖိအားသည် ၉၈၈ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်နှုန်းခန့်ဖြစ်သည်ဟု အသိပေးခဲ့ပါတယ်။ ယင်းမုန်တိုင်းငယ်အရှိန်ကြောင့် မေလ ၂၉ ရက်နေ့လယ်မှ ဇွန်လ ၂ ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှနေရာအနှံ့အပြား မိုးသည်းထန်စွာရွာသွန်းပြီး အချို့ဒေသများမှာ နေရာကွက်ကာ မိုးကြီးနိုင်ပါတယ်။ ဒါကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းသဘာဝဘေး အန္တရာယ်များဖြစ်ပေါ်နိုင်၍ သတိပြုနေထိုင်ကြရန်လည်း အသိပေးထုတ်ပြန်ထားပါတယ်။(NVS 004)