“သီတဂူဆရာတော်ကြီးဦးဆောင်ကာ ကောင်းမှုတော်စေတီတော်ကြီး စိန်ဖူးတော်နှင့်ရွှေထီးတော်တို့ကို ပြန်လည်ပြုပြင်နိုင် ကြည့်ရှုစစ်ဆေး”
30 May
စစ်ကိုင်းမြို့ သာလွန်မင်းတရားကြီး၏ကောင်းမှုဖြစ်သော ကောင်းမှုတော်စေတီတော်မြတ်ကြီးမှာ မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာ အမြင့်ပေ ၁၉၀ အထက်ရှိစေတီတော်မြတ်ကြီး၏ စိန်ဖူးတော်နှင့် ရွှေထီးတော်တို့ကိုပြုပြင်နိုင်ရန် သီတဂူဆရာတော်ကြီးဦးဆောင်၍ ကြည့်ရှုစစ်ဆေးမည် ဖြစ်ကြောင်း သိရပါတယ်။ သီတဂူဆရာတော်ကြီးဦးဆောင်၍ စေတီတော်မြတ်ကြီးရဲ့ ဩဝါဒစရိယဆရာတော်ကြီးများ၊ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ တာဝန်ရှိသူများ၊ အင်ဂျင်နီယာပညာရှင်များ၊ စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ဝင်များက ကရိန်းအသုံးပြု တက်ရောက်၍ စိန်ဖူးတော်၊ ရွှေထီးတော်နှင့် စေတီတော်ကြီး၏ မျက်နှာပြင်ပေါ်ရှိအက်ကွဲကြောင်းကြီးများကို ကြည့်ရှုစစ်ဆေးသွားကြမည်ဖြစ်ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၃ ရက်နံနက်ပိုင်းကလည်း သီတဂူဆရာတော်ကြီးက ငလျင်ဒဏ်သင့်ခဲ့တဲ့ ကောင်းမှုတော် စေတီတော်မြတ်ကြီး၏ မျက်နှာပြင်ကွဲအက်သွားမှုအား ပြုပြင်မွန်းမံနိုင်ရန် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ ကောင်းမှုတော်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်မှာ ငလျင်ဒဏ်ကြောင့်ပြုတ်ကျ၍ ရွှေထီးတော်၌ တင်နေသည်ဟု ခန့်မှန်းရသဖြင့် စိန်ဖူးတော်အားမြေသို့ချ၍ အသစ်ပြုလုပ်တင်လှူသွားမည်ဖြစ်ကာ စိန်ဖူးတော်ပြုပြင် မွမ်းမံရန် “ဆင်နှစ်ကောင်” ကုမ္ပဏီမှ ကရိန်းပြုလုပ်ပေးသွားမှာဖြစ်ပြီး လက်ရှိအချိန်၌ စေတီတော်မြတ်ကြီး၏ မျက်နှာပြင်တွင် ဖြစ်ပေါ်နေတဲ့ အက်ကြောင်းကြီးများကို ပြုပြင်မွမ်းမံရန် ဝါးငြမ်းဆင်ခြင်းများ ပြုလုပ်လျက်ရှိရာ သုံးပုံ တစ်ပုံ ခန့် တပ်ဆင်ထားပြီးဖြစ်ကြောင်း သိရပါတယ်။ (NVS 004)