"ရန်ကုန်မြို့မှာ အထပ်မြင့်တိုက်ခန်းများ ရောင်းအားအနည်းငယ်ကျ"

30 May

ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်းမှာ ရန်ကုန်မြို့၌ အထပ်မြင့် ရိုးရိုးတိုက်ခန်းနဲ့ မီနီကွန်ဒိုတိုက်ခန်းတွေ အရောင်းအဝယ် အနည်းငယ်ကျဆင်းပြီး မြေကွက်ဝယ်လိုအား အနည်းငယ်တက်လာတယ်လို့ မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်း(ဗဟို)ကနေ သိရပါတယ်။ ဝယ်သူတွေက ရိုးရိုးတိုက်ခန်းနဲ့ မီနီကွန်ဒိုတွေကို ငလျင်ကြောင့် ဝယ်ယူရန်စိုးရွံ့မှုနဲ့အတူ အခန်းတန်ဖိုးများ မြင့်တက်လာတာတွေကြောင့် ခုလိုအရောင်းအဝယ်ကျဆင်းနေတာဖြစ်တယ်လို့ မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှု အသင်း(ဗဟို)ရဲ့ အထွေထွေအတွင်းရေးမှူး ဦးမျိုးမြင့်အောင်က ပြောပါတယ်။ တိုက်ခန်းများအရောင်းအဝယ်ကျဆင်းနေပေမယ့် ဆောက်လုပ်ရေးကုန်ကျစရိတ်ကြီးမြင့်တဲ့အတွက် ဈေးနှုန်း တွေကတော့ မကျဘူးလို့ဆိုပါတယ်။ မြေကွက်ဈေးနှုန်းတွေကတော့ ပေ ၄၀ ပေ ၆၀ တစ်ကွက်ဟာ အရင်ကထက် ကျပ်သိန်း ၅၀ ကနေ ၁၀၀ ကြား မြင့်တက်လာတယ်လို့ သိရပါတယ်။ လက်ရှိမှာ ရိုးရိုးတိုက်ခန်းရဲ့ ဈေးနှုန်းက ၁ စတုရန်းပေကို အနည်းဆုံး ကျပ် ၁ သိန်းကနေ ၂ သိန်းကြား၊ ဓာတ်လှေကားပါ မီနီကွန်ဒို တစ်ခန်းဈေးနှုန်းကတော့ ၁ စတုရန်းပေကို ကျပ် ၂ သိန်း ကနေ ကျပ် ၃ သိန်းကြား ရှိပြီး တည်နေရာနဲ့ အလွှာပေါ်မူတည်ကာ ဈေးနှုန်းအပြောင်းအလဲရှိနိုင်တယ်လို့ သိရပါတယ်။ လတ်တလောမှာ မြောက်ဒဂုံ နဲ့ အရှေ့ဒဂုံဘက်က မြေကွက်တွေ အရောင်းအဝယ်ဖြစ်နေပြီး ပေ ၄၀ ပေ ၆၀ တစ်ကွက်ကို တည်နေရာပေါ်မူတည်ပြီး ကျပ်သိန်း ၃၀၀၊ ၄၀၀ ကနေ ကျပ်သိန်း ၅,၀၀၀၊ ၆,၀၀၀ အထိပေါက်ဈေးရှိနေတယ်လို့ အိမ်ခြံမြေ ဈေးကွက်က သိရပါတယ်။ ရန်ကုန်မှာ ကွန်ဒိုတိုက်ခန်းအရောင်းဈေးကွက် ကျဆင်းနေပေမယ့် တိုက်ခန်းအငှား ဈေးကွက်ကတော့ မြင့်တက်နေဆဲဖြစ်ပြီး ဈေးနှုန်းတွေကလည်း မြင့်တက်နေပါတယ်။ (NVS 004)

30 May

ADVERTISE HERE .