ငလျင်ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၁၃၁ ဘီလီယံကျော်နှင့် ဒေါ်လာ ၂ သန်းကျော်လှူဒါန်း
30 May
မန္တလေးငလျင်ကြီးကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဒုတိယအကြိမ် အလှူငွေပေးအပ်လှူဒါန်းပွဲကို နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်တွင် မေလ ၂၉ ရက် မွန်းလွဲပိုင်းတွင် ကျင်းပခဲ့ရာ အလှူရှင်များရဲ့လှူဒါန်းမှုမှာ ငွေကျပ် ၁၃၁ ဘီလီယံကျော်နှင့် အမေရိကန်ဒေါ်လာ ၂ သန်းကျော် လှူဒါန်း ခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားရှိပါတယ်။ ငလျင်ဒဏ်ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ဒုတိယအကြိမ် အလှူငွေပေးအပ်လှူဒါန်းပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဘက်အတွင်းရေးမှူး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်တွင်း/ပြည်ပမှ စေတနာရှင်၊ အလှူရှင်များ တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားအစီအစဉ်အရ မန္တလေးငလျင်ကြီးဖြစ်ပေါ်ခဲ့မှုကြောင့် သေဆုံးခဲ့ရသည့် ပြည်သူများအတွက် ဝမ်းနည်းကြောင်းအထိမ်းအမှတ်အဖြစ် နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ ပြည်တွင်း/ပြည်ပမှ စေတနာရှင်များ၊ အခမ်းအနားတက်ရောက်လာကြသူများက တစ်မိနစ်ငြိမ်သက်စွာ ရပ်တန့်ခဲ့ကြပါတယ်။ ထို့နောက် နစကဥက္ကဋ္ဌက အမှာစကားပြောကြားရာ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် ဖြစ်ပွားခဲ့သည့် မြေငလျင်ကြီးကြောင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၀ ခုတွင် ထိခိုက်မှုများရှိခဲ့ပြီး ၆ ခုတွင် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရကြောင်း၊ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၀ ခုတွင် ရပ်ကွက် ၃၇၄ ခု၊ ကျေးရွာအုပ်စု ၉၄၄ စု၊ ကျေးရွာ ၂,၀၈၁ ရွာ၊ အိမ်ထောင်စု ၁၆၂,၁၆၇ စု၊ လူဦးရေ စုစုပေါင်း ၅၀၆,၀၆၉ ဦး ဘေးသင့်ခဲ့ရပြီး သေဆုံးသူ ၃,၇၃၉ ဦး၊ ပျောက်ဆုံးသူ ၆၈ ဦးနှင့် ဒဏ်ရာရသူ ၅,၁၀၄ ဦးတို့ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် နေအိမ်၊ အဆောက်အဦနှင့် အခြားထိခိုက်ပျက်စီးမှုများအနေဖြင့် လူနေအိမ် ၅၁,၂၁၀ လုံး၊ လမ်းလုပ်ငန်း ၄၃၁ ခု၊ တံတား ၁၀၃ စင်း၊ ရထားလမ်းပျက်စီးနေရာ ၈၃ နေရာနှင့် ရထားလမ်းတံတား ၁၁ စင်း၊ မိုဘိုင်းဆက်သွယ်ရေး စခန်း ၆,၇၃၀ ခု၊ မဟာဓာတ်အားလိုင်း ၁၀ လိုင်း၊ ဓာတ်အားလိုင်းတိုင် ၃,၄၃၅ တိုင်၊ ဆည်မြောင်း ၅၉၄ ခု၊ တာတမံ ၆ ခု၊ ဌာနအဆောက်အဦ ၁၁,၃၃၈ လုံး၊ ဆေးရုံ ၃၈၄ ရုံ၊ ဆေးခန်း ၃၆၄ ခန်း၊ ရှေးဟောင်းအဆောက်အဦနှင့်ပြတိုက် ၁၆၆ ခု၊ အခြေခံပညာကျောင်း ၂,၄၀၉ ကျောင်း၊ အဆင့်မြင့်ပညာကျောင်း ၇၂ ကျောင်း၊ ပုဂ္ဂလိကစာသင်ကျောင်း ၉၀၊ ဘုရားစေတီ ၆,၄၆၉ ဆူ၊ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းနှင့် အခြားဘာသာရေးအဆောက်အဦ ၅,၅၈၈ ခု၊ ပုဂ္ဂလိကစက်ရုံ/အလုပ်ရုံ ၃၄၄ ခု၊ သီးနှံ ၇၈ ဒသမ ၅ ဧက၊ တိရစ္ဆာန် ၁၃၃,၇၀၀ ကောင် ထိခိုက်ပျက်စီးခဲ့ရပြီး မူလပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ စုစုပေါင်း ငွေကျပ် ၃,၈၀၄ ဒသမ ၅၄၉ ဘီလီယံဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး မတ်လ ၂၈ ရက် ငလျင်လှုပ်ခတ်ပြီးချိန်၌ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများကို ပြည်ပ နိုင်ငံများမှ လာရောက်ကူညီကြသည့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်းရှာဖွေမှုများဆောင်ရွက်ခဲ့ရာ အဆောက် အအုံများအတွင်း ပိတ်မိနေသူ ၆၅၃ ဦးကို အသက်ရှင်လျက် ရှာဖွေကယ်ဆယ်နိုင်ခဲ့ပြီး နိုင်ငံတကာမှ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကိုလည်း ဖိတ်ခေါ်ခဲ့ရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ AHA Centre၊ ဗီယက်နမ်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံ၊ လာအိုနိုင်ငံ၊ Singapore Red Cross Society၊ နီပေါနိုင်ငံ၊ UAE နိုင်ငံ၊ ဘရူနိုင်းနိုင်ငံနှင့် မလေးရှား နိုင်ငံတို့မှ ပေးပို့လှူဒါန်းသည့် အလှူပစ္စည်းများကို ငလျင်ဘေးသင့်ဒေသများရှိ ပြည်သူများထံသို့ အချိန်မဆိုင်းဘဲ ဖြန့်ခွဲပေးလျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ဧပြီလ ၁ ရက်က ပထမအကြိမ် အလှူငွေပေးအပ်လှူဒါန်းပွဲတွင် ပြည်တွင်း/ပြည်ပမှ စေတနာရှင်/ အလှူရှင်များက ငွေကျပ် ၁၁၂ ဒသမ ၈၇ ဘီလီယံ၊ အလှူပစ္စည်းတန်ဖိုး ၁၂ ဒသမ ၄ ဘီလီယံ၊ စုစုပေါင်းငွေကျပ် ၁၂၅ ဒသမ ၂၇ ဘီလီယံ ရရှိခဲ့ပြီး ဒုတိယအကြိမ် အလှူငွေပေးအပ်လှူဒါန်းပွဲတွင် ငလျင်ဒဏ်ခံစားခဲ့ရသည့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပြည်တွင်း/ပြည်ပ မှ စေတနာရှင်/အလှူရှင်များ၏ လှူဒါန်းမှုမှာ အိမ်ခန်း (၁၆)ခန်းပါ (၄)ခန်းတွဲ (၄)ထပ်တိုက် အဆောက်အဦတစ်လုံးလျှင် ငွေကျပ် သိန်း ၂၀,၀၀၀ နှုန်းဖြင့် အလုံးပေါင်း ၅၁ လုံးအပါအဝင် စုစုပေါင်းတန်ဖိုးငွေကျပ် ၁၃၁ ဒသမ ၅၃ ဘီလီယံနှင့် အမေရိကန်ဒေါ်လာ ၂,၃၁၄,၉၀၀ ဖြစ်ကြောင်း သိရပါတယ်။(NVS 004)