“ငမိုးရိပ်ရေလှောင်တမံမှ စိုက်ပျိုးရေနှင့် ရန်ကုန်မြို့သောက်သုံးရေအတွက် နေ့စဉ်ရေဂါလန်သန်း ၁၃၀ ပို့လွှတ်ပေး လျက်ရှိ”
29 May
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နွေစပါးခင်းများ မတ်လနောက်ဆုံးအပတ်တွင် အပြီးသတ်ရိတ်သိမ်းလျက်ရှိရာ နွေစပါးစိုက်ပျိုးမှုအတွက် ငမိုးရိပ်ရေလှောင်တမံမှ နွေစပါး ၃၅,၉၅၂ ဧကကို အောင်ရေပို့လွှတ်နိုင်ခဲ့ပြီး ရန်ကုန်မြို့ သောက်သုံးရေအတွက် နေ့စဉ် ရေဂါလန်သန်း ၁၃၀ ပို့လွှတ်ပေးလျက်ရှိကြောင်း ငမိုးရိပ်ရေလှောင်တမံမှ သိရပါတယ်။ ၂၀၂၄-၂၀၂၅ ခုနှစ် နွေစပါးရေပေးရာသီတွင် ငမိုးရိပ်ရေလှောင်တမံ၏ လက်ဝဲမြောင်းနှင့် လက်ယာမြောင်းမှ နွေစပါး ၂၂,၁၃၃ ဧက၊ ငမိုးရိပ်ရေထိန်းတံခါးများမှ ဧက ၇,၂၅ဝ နှင့် လျှပ်စစ်ရေတင်လုပ်ငန်းမှ ၆,၆၁၄ ဧကတို့ဖြင့် စုစုပေါင်း နွေစပါးစိုက်ခင်း ၃၅,၉၅၂ ဧကကို ရေပေးဝေနိုင်ခဲ့ပြီး နွေစပါးအတွက်သာမက ရန်ကုန်မြို့သောက်သုံးရေအတွက်လည်း ညောင်နှစ်ပင်ရေသန့်စင်စက်ရုံနှင့် အောင်တံခွန်ရေသန့်စင်စက်ရုံသို့ နွေရာသီ၌ ရေဂါလန်သန်း ၁၃၀ နှင့် မိုးရာသီ၌ ရေဂါလန် သန်း ၉၀ ပို့လွှတ်လျက်ရှိကာ စိုက်ပျိုးရေဆုံးရှုံးမှုမရှိစေရန် တောင်သူများ စုပေါင်းဖွဲ့စည်းထားသည့် ရေအသုံးချ သူများအဖွဲ့(Water User Group)နှင့် လက်တွဲဆောင်ရွက်လျက်ရှိပါတယ်။ ငမိုးရိပ်ရေလှောင်တမံသည် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် ဖောင်ကြီးကျေးရွာအနီး နှစ်မိုင်ခန့်အကွာ၌ တည်ရှိပြီး တမံ အလျားပေ ၁၅,၅၀၀၊ အမြင့် ၇၅ ပေဖြင့် ဧကပေ ၁၈၀,၀၀၀ ကန်ရေပြည့် သိုလှောင်နိုင်လျက်ရှိကာ ရေထုတ်ပြွန်အမျိုးအစား သံကူကွန်ကရစ်ဖြင့် ဆည်ရေသောက်ဧရိယာ ၃၃,၈၅၂ ဧကကို အကျိုးပြုရေပို့လွှတ်နိုင်သော ဆည်ကြီးတစ်ခုဖြစ်ပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ နွေစပါးခင်းများ အတွက် လှည်းကူးမြို့နယ်ရှိ ငမိုးရိပ်ရေလှောင်တမံ(မဟူရာရေကူတမံ+ပေါင်းလင်းရေကူတမံ)၊ လဂွမ်းပြင်ရေလှောင်တမံ၊ ကလီထော်ရေလှောင်တမံနှင့် တိုက်ကြီးမြို့နယ်ရှိ တဘူးလှရေလှောင်တမံတို့မှ ဆည်ရေများကိုပို့လွှတ်၍ တောင်သူများ အားထားရာ နွေစပါးများ တစ်နှစ်ထက်တစ်နှစ် တိုးချဲ့စိုက်ပျိုးနိုင်ရန် ပို့လွှတ်ပေးလျက်ရှိကြောင်း သိရပါတယ်။ (NVS-004)