“လူထုဖြန့်ပျိုးပင်များအား ဒေသခံပြည်သူများအနေဖြင့် အခမဲ့လာရောက်ထုတ်ယူ စိုက်ပျိုးနိုင်”

29 May

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၅ ခုနှစ်အတွင်းမှာ မိုးရာသီသစ်ပင်စိုက်ပျိုးနိုင်ရန် မြို့နယ် သစ်တောဦးစီးဌာနက ကျောက်တန်းအမြဲတမ်းပျိုးဥယျာဉ်နှင့် မင်းဘူး-အမ်း ကားလမ်းမဘေးရှိ ကန်ရေပျိုးဥယျာဉ်တို့၌ လူထုဖြန့်ပျိုးပင်ပေါင်း ၄၄,၀၀၀ ကျော် ပျိုးထောင်ထားရှိပြီး ဒေသခံပြည်သူများအနေနဲ့ အခမဲ့လာရောက်ထုတ်ယူ၍ စိုက်ပျိုးနိုင်ကြောင်း သိရပါတယ်။ လူထုဖြန့်ပျိုးပင်များ ဖြန့်ဝေပေးရာတွင် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်း၊ ဘုန်းတော် ကြီးကျောင်းနှင့် သာသနာ့နယ်မြေများ၊ မြို့နယ်အတွင်းရှိရပ်ကွက်နှင့် ကျေးရွာများအပါအဝင် သစ်ပင်စိုက်ပျိုးပွဲတော်များ အတွက် ယခုနှစ် မိုးရာသီကာလမှာ သစ်ပင်စိုက်ပျိုးနိုင်ရန် အခမဲ့ဖြန့်ဝေဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ဒေသတွင်း လူထုဖြန့်ပျိုးပင်များ ဖြန့်ဝေစိုက်ပျိုးခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်လာပြီး ရာသီဥတုပြောင်းလဲမှုများ လျော့ကျကာ ပြည်သူများအနေနဲ့ သစ်ပင်စိုက်ပျိုးလိုစိတ်ဖြစ်ပေါ်လာခြင်းနှင့် သစ်ပင်များကို ချစ်ခင်မြတ်နိုးတန်ဖိုးထားတတ်လာနိုင်ပြီး လူထုဖြန့်ပျိုးပင်များ ပျိုးထောင်ရာတွင်လည်း ဒေသခံပြည်သူများ စိတ်ပါဝင် စားစွာစိုက်ပျိုးနိုင်စေရန် အရိပ်ရ၊ ဆေးဖက်ဝင်၊ ပန်းပွင့်သည့် အပင်များနှင့် သစ်ရရှိနိုင်မည့်အပင်များကို ရွေးချယ်၍ ပျိုးပင်အမျိုးအစားပေါင်း ၁၂ မျိုးကို ပျိုးထောင်ထားပါတယ်။ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၅ ခုနှစ်အတွက် ပြည်သူလူထုထံအခမဲ့ဖြန့်ဝေပေးမည့် လူထုဖြန့်ပျိုးပင်များမှာ ကျွန်း၊ ပိတောက်၊ ရင်းမာ၊ ကုက္ကို၊ စိန်ပန်းကြီး၊ တမာ၊ ထိုင်ဝမ်ဗာဒံ၊ မည်စည်၊ ဆီး၊ မြင်ဝါး၊ စိန်တံချူ၊ ယူကလစ် စတဲ့ ပျိုးပင်ပေါင်း ၄၄,၂၀၀ ကို ပျိုးထောင်ထားရှိပြီးဖြစ်တာကြောင့် ပြည်သူများအနေနဲ့ မိမိတို့စိုက်ပျိုးလိုသော ပျိုးပင်များကို ကျောက်တန်း အမြဲတမ်းပျိုးဥယျာဉ်နှင့် ကန်ရေပျိုးဥယျာဉ်တို့၌ အခမဲ့လာရောက်ထုတ်ယူ၍ စိုက်ပျိုးနိုင်ကြောင်း သိရပါတယ်။ (NVS-004)

29 May

ADVERTISE HERE .