“လဟယ်မြို့ရှိ မိုးဒန်းအပန်းဖြေအလှကန်ကို အဆင့်မြှင့်တင်မှုများ ဆောင်ရွက်မည်”

29 May

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၊ တာလံရပ်ကွက်ရှိ မိုးဒန်းအပန်းဖြေ အလှကန်ကို ယခုဘဏ္ဍာနှစ်အတွင်းမှာ အဆင့်မြှင့်တင်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လဟယ်မြို့နယ်၊ စည်ပင် သာယာရေးအဖွဲ့မှ သိရပါတယ်။ မိုးဒန်းကန်သည် လဟယ်မြို့ရှိ ဒေသခံပြည်သူများနှင့်ခရီးသွားများ အပန်းဖြေအနားယူနိုင်သည့် တစ်ခုတည်း သော အပန်းဖြေအလှကန်ဖြစ်ပြီး ယခင်က ချောင်းရေထွက်နှင့် စိမ့်တောအဖြစ်သာတည်ရှိခဲ့ရာမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှ စတင်၍ အပန်းဖြေအလှကန်အဖြစ် ပြောင်းလဲဖော်ဆောင်ရန် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုဘဏ္ဍာနှစ်မှာတော့ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ မိုးဒန်းအပန်းဖြေအလှကန်ကို ပြီးခဲ့တဲ့ဘဏ္ဍာနှစ်တွင် လဟယ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကြီးမှူးပြီး ကန်ပတ်လည်လျှောက်လမ်းအား ကျောက်ရောခင်းခြင်း၊ ကန်ပေါင်အလှပုံဖော်ခြင်း၊ ကန်ပေါင် Level မြေဖို့မြှင့်တင်ခြင်း၊ ကန်၏ ရေလျှံပေါက်တည်ဆောက်ခြင်းနှင့် ရေဝင် Box Culvert တည်ဆောက်ခြင်း စတဲ့ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။ မိုးဒန်းအပန်းဖြေအလှကန်သည် အကျယ်အဝန်းအားဖြင့် သုံးဧကခန့်ရှိပြီး အနက် ၁၂ ပေရှိကာ ရေသိုလှောင်နိုင်မှု ပမာဏမှာ ဂါလန် ၁၀ သန်းခန့် သိုလှောင်နိုင်ပြီး မီးဘေးအန္တရာယ်ကျရောက်လာပါက ကန်အတွင်းမှရေများကို ရယူ အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်ထားပါတယ်။ မိုးဒန်းအပန်းဖြေအလှကန်ကို ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် လဟယ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူထိန်းသိမ်း စောင့်ရှောက်သွားမယ်လို့ သိရပါတယ်။ (NVS-004)

29 May

ADVERTISE HERE .