“ပြင်သစ်အိုးပင်း ပထမအဆင့်မှာ အနိုင်ရရှိခဲ့တဲ့ ဂျိုကိုဗစ်”
29 May
ကစားသမားဘဝ (၂၅) ကြိမ်မြောက် ဂရင်းစလမ်ချန်ပီယံဆုကို ရယူနိုင်ဖို့အတွက် ပစ်မှတ်ထားပြီး ပြင်သစ် အိုးပင်းကို ဝင်ပြိုင်ခဲ့တဲ့ ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်ဟာ ပထမအဆင့်မှာ အနိုင်ရပြီး ဒုတိယအဆင့် တက်ရောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ဂျီနီဗာအိုးပင်းမှာ အနိုင်ရပြီး ကစားသမားဘဝ အကြိမ် ၁၀၀ မြောက် အေတီပီ တစ်ဦးချင်း ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ ဂျိုကိုဗစ်ဟာ အင်္ဂါညက ကစားခဲ့တဲ့ ပထမအဆင့်ပွဲမှာ အမေရိကန်နိုင်ငံသား မက်ဒေါနယ်နဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ကမ္ဘာ့အဆင့် (၉၈) မှာရပ်တည်နေတဲ့ မက်ဒေါနယ် ဟာ ပွဲလတ်ပွဲစဉ်တွေရဲ့အစပိုင်းမှာ ဂျိုကိုဗစ် ကို အကြိတ်အနယ်လိုက်ကစားနိုင်ခဲ့ပေမယ့် နောက်ပိုင်းပွဲချိန်တွေမှာတော့ စွမ်းဆောင်ရည် ကျဆင်းလာခဲ့ပြီး ဂျိုကိုဗစ် က အသာစီးရယူနိုင်ခဲ့တာကို တွေ့ရပါတယ်။ ပွဲကစားချိန် ၁ နာရီနဲ့ ၅၈ မိနစ် ကြာမြင့်ခဲ့ပြီးနောက် ဆီဒင်အဆင့် ၆ ရထား တဲ့ ဂျိုကိုဗစ် က ၆း၃၊၆း၃၊၆း၃ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ဒုတိယအဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကမှ အသက် ၃၈ နှစ်ပြည့်ခဲ့တဲ့ ဂျိုကိုဗစ်အနေနဲ့ သူပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ပြင်သစ်အိုးပင်းပြိုင်ပွဲရဲ့ ပထမအဆင့် ပွဲစဉ် ၂၁ ပွဲစလုံးကို အနိုင်ရအောင် ကစားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒုတိယအဆင့်မှာတော့ ဂျိုကိုဗစ် ဟာ အိမ်ရှင်ပြင်သစ်နိုင်ငံသား မူတက် နဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာလည်း ဖြစ်ပါတယ်။ (NVS 008)