“အိန္ဒိယက ကိုယ်ပိုင်ပဉ္စမမျိုးဆက်တိုက်လေယာဉ်များထုတ်လုပ်ရန် ကြိုးပမ်းမှုများစတင်”
29 May
အိန္ဒိယကာကွယ်ရေးဝန်ကြီးက အဆင့်မြင့်အလတ်စားတိုက်လေယာဉ်စီမံကိန်းအတွက် အကောင်အထည် ဖော်မည့်လေယာဉ်ပုံစံကိုအတည်ပြုလိုက်ခြင်းအားဖြင့် နိုင်ငံ၏ကိုယ်ပိုင်ပဉ္စမမျိုးဆက် တိုက်လေယာဉ်များထုတ်လုပ် ရန် ကြိုးပမ်းမှုများကို စတင်လိုက်ပြီဖြစ်ကြောင်းသိရသည်။ အဆိုပါစီမံကိန်းသည် အိန္ဒိယနိုင်ငံ၏ ရည်မှန်းချက် မြင့်မားသော စီမံကိန်းတစ်ခုဖြစ်ပြီး ထိုစီမံကိန်းမှနေ၍ လေတပ်နှင့် ရေတပ်တို့အတွက် ကိုယ်ပျောက် စွမ်းရည် ပါဝင်သည့် ဘက်စုံသုံးတိုက်လေယာဉ်ကို ထုတ်လုပ်သွားမည်ဖြစ်သည်။ ထိုစီမံကိန်းမှထွက်ပေါ်လာမည့် လေယာဉ်သည် အင်ဂျင်နှစ်လုံးတပ်၊ တစ်ဦးမောင်း ရာသီမရွေး ဘက်စုံသုံး ကိုယ်ပျောက်တိုက်လေယာဉ် ဖြစ်သည်။ ထို့ပြင်လေကြောင်းအရေးသာမှု၊ မြေပြင်တိုက်ခိုက်မှု၊ ရန်သူ့ လေကြောင်းရန် ကာကွယ်ရေးစနစ်ကိုချိုးဖျက်မှုနှင့် အီလက်ထရွန်နစ်စစ်ဆင်ရေးဆင်နွှဲမှုတို့ အပါအဝင် စစ်ဆင်ရေးအမျိုးမျိုး အတွက် အသုံးပြုနိုင်မည် ဖြစ်သည်။ ထိုစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁၇၅ သန်း ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း RT သတင်းဌာနဖော်ပြချက်အရ သိရသည်။