"ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးသို့ ပြည်တွင်းပြည်ပခရီးသွားဧည့်သည် ၁၁ သိန်းကျော်ဝင်ရောက်"

29 May

ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးသို့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၅ ခုနှစ်၊ မေလ ၁၉ ရက်အထိ ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည် ၁၁ သိန်း ကျော်ဝင်ရောက်ခဲ့ကြောင်း စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရပါတယ်။ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ ကျင်းပခဲ့ပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ စည်ကားသိုက်မြိုက်စွာဖြင့် နေ့စဉ်လာရောက်ဖူးမြော်ခဲ့ကြကာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ လာရောက်သူအများဆုံးဖြစ်ပါတယ်။ ဘုရားဖူးလာရောက်ကြတဲ့ ပြည်သူများ၊ အန္တရာယ်ကင်းဝေးစေရန်နှင့် စိတ်ချမ်းမြေ့စွာ ဘုရားဖူးမြော်နိုင်ရန် အတွက် စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နှင့် တာဝန်ရှိသူများက လုံခြုံရေး၊ အခမဲ့တည်းခိုနေထိုင်ရေး၊ စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကာ တောင်တက် မော်တော်ယာဉ်အစီးရေ ၁၅၀ ကိုလည်း နေ့စဉ်ပြေးဆွဲပေးနေတာ ဖြစ်ပါတယ်။ ကျိုက်ထီးရိုး‌ တောင်တော် တစ်လျှောက် အထင်ကရနေရာများဖြစ်တဲ့ မုဆိုးတောင်တော်၊ ကျီးကန်းပါးစပ် လိုဏ်ဂူတော်၊ ကျောက်ထပ်ကြီး စေတီတော်၊ ရေတံခွန် စသည့်နေရာများ၊ ရင်ပြင်တော် ဈေးဆိုင်တန်းတစ်လျှောက်ရှိ ထမင်းဆိုင်များ၊ အမှတ်တရ အရောင်းဆိုင်များ၌ ဘုရားဖူးများနဲ့ စည်ကားလျက်ရှိကြောင်းလည်း သိရပါတယ်။ (NVS 004)

29 May

ADVERTISE HERE .