“စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေအတွက် ငွေကျပ် ၂၄ ဘီလီယံထုတ်ချေးရန်လျာထား"
29 May
စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေမှ လယ်ယာသုံး စက်ကိရိယာ အမျိုးမျိုးကို ဝယ်ယူ နိုင်ရန် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ငွေကျပ် ၂၄ ဘီလီယံထုတ်ချေးရန်လျာထားကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရပါတယ်။ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေမှ လယ်ယာသုံးစက်ကိရိယာအမျိုးမျိုးကို ဝယ်ယူ နိုင်ရန် တောင်သူတစ်ဦးလျှင် အများဆုံးငွေကျပ်သိန်း ၁,၂၀၀ ထိ ထုတ်ချေးပေးခဲ့ကြောင်း သိရပါတယ်။ ၂၀၁၇ ခုနှစ်မှစ၍ ချေးငွေထုတ်ပေးခဲ့ပြီး လက်ရှိအချိန်ထိ ငွေကျပ် ၂၄၇ ဒသမ ၄၄၈ ဘီလီယံ ကျော် ထုတ်ချေးထားကြောင်း သိရပါတယ်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က လယ်ယာလုပ်ငန်းသုံး ထွန်စက်ကြီး၊ ရိတ်သိမ်းခြွေလှေ့စက်၊ ထော်လာဂျီ၊ လက်တွန်းထွန်စက်၊ ဆန်စက်၊ ဆီစက်၊ စားသောက်ကုန်ထုတ်လုပ်သည့်စက်များ ဝယ်ယူရန်နှင့် စက်ရုံ၊ သိုလှောင်ရုံ၊ ဂိုဒေါင်တည်ဆောက်ခြင်း၊ ပြုပြင်မွမ်းမံခြင်းတို့အတွက် အရင်းအနှီးလိုအပ်ချက်ရှိသူ တောင်သူဦးကြီးများသို့ စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေများကို ၁ နှစ်လျှင် အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိပါတယ်။ ချေးငွေပမာဏမှာ တောင်သူတစ်ဦးချင်းအတွက် အများဆုံးကျပ်သိန်း ၇၀၀ ၊ တောင်သူ အစုအဖွဲ့တစ်ဖွဲ့အတွက် အများဆုံးကျပ်သိန်း ၅,၀၀၀ အထိ ရယူထုတ်ချေးနိုင်ပြီး တောင်သူစိတ်ကြိုက်ဝယ်ယူလိုတဲ့ လယ်ယာသုံး စက်ကိရိယာများကို စက်ကိရိယာ အရောင်းပြခန်း ကုမ္ပဏီများထဲမှာ ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ဒါ့အပြင် ချေးငွေပေးဆပ်ရာမှာ ထော်လာဂျီ၊ လက်တွန်းထွန်စက် ချေးငွေအတွက် ၃ နှစ် ၃ ရစ်၊ ကျန်စက်ကိရိယာများ အတွက် ၅ နှစ် ၅ ရစ် ပေးဆပ်ရတဲ့စနစ် ဖြစ်တယ်လို့ သိရပါတယ်။ (NVS 004)