“နေပြည်တော်တွင် တည်ဆောက်နေသည့် ဖွဲနုဆီစက်ရုံစီမံကိန်း လာမည့်နှစ်ဆန်းပိုင်းတွင် ပြီးစီးမည်”

28 May

နေပြည်တော်တွင် တည်ဆောက်လျက်ရှိသည့် ဖွဲနုဆီစက်ရုံမှာ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင် ဒဏ်ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများ နှောင့်နှေးခဲ့ရပြီး လာမည့်နှစ်ဆန်းပိုင်းတွင် တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးကာ ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်းနှင့် လက်ရှိတွင် အိန္ဒိယနိုင်ငံအင်ဂျင်နီယာအဖွဲ့နှင့် တည်ဆောက်ရေးလုပ်ငန်း များကို ဆက်လက်ဆောင်ရွက်နေပြီး မူလရည်မှန်းထားသည့် အချိန်ထက် ၄ လခန့် ပိုမိုကြာမြင့်နိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်(MRF)မှ သိရပါတယ်။ မြန်မာနိုင်ငံ၏ ပထမဆုံး ပွဲနုဆီကြမ်းနှင့် ဆီချောထုတ်စက်ရုံကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဦးဆောင်မှု ဖြင့် ၂ဝ၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်ပြီး နေပြည်တော်၊ ပျဉ်းမနားမြို့နယ် MAPCO ဆန်စက်ဝင်းအတွင်းမှာ တည်ဆောက်နေခြင်းဖြစ်ပြီး လက်ရှိတွင် ဖွဲနုဆီစက်ရုံတည်ဆောက်ရေးလုပ်ငန်းများ ၆ဝ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီ ဖြစ်ပါတယ်။ ဖွဲနုဆီစက်ရုံ တည်ဆောက်ပြီးစီးပါက တစ်နှစ်လျှင် ဆီကြမ်းတန်ချိန် ၉,ဝဝဝ နှင့် ဆီချောတန်ချိန် ၆,၃၀၀၊ စုစုပေါင်းတန်ချိန် ၁၅,၃ဝဝ ခန့် ထုတ်လုပ်သွားမှာဖြစ်ပါတယ်။ နေပြည်တော်တွင် ယခုတည်ဆောက်နေတဲ့ ကနဦးစက်ရုံ အပါအဝင် ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့အပါအဝင် ဆီစက်ရုံပေါင်း ၁ဝ ရုံ တည်ဆောက်သွားရန် စီစဉ်လျက်လည်းရှိပါတယ်။ အဆိုပါ စက်ရုံများမှထွက်ရှိတဲ့ ဖွဲနုဆီများကို ပြည်တွင်းဈေးကွက်တွင် အဓိကဖြန့်ဖြူးရောင်းချသွားမှာဖြစ်ပြီး ပိုလျှံ ပါက ပြည်ပနိုင်ငံများဖြစ်တဲ့ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံနှင့် ဥရောပနိုင်ငံများသို့ တင်ပို့သွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

28 May

ADVERTISE HERE .