“၂၀၂၅-၂၀၂၆ သဘင်ရာသီအတွက် သဘင်တည်ထောင်ခွင့်များ လာရောက်လျှောက်ထားနိုင်”
28 May၂၀၂၅-၂၀၂၆ သဘင်ရာသီကို သတ်မှတ်ထားပြီးဖြစ်သည့်အတွက် သဘင်ရာသီအတွက် ပွဲမိန့်များလျှောက်ထားရန် သဘင်တည်ထောင်ခွင့်များ လာရောက်လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံးမှ သိရပါတယ်။ ၂၀၂၅-၂၀၂၆ သဘင်ရာသီကို ၂၀၂၅ ခုနှစ်၊ ဇွန်လမှ ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ သတ်မှတ်ထားပြီးဖြစ်ရာ အဆိုပါ သဘင်ရာသီအတွင်း နိုင်ငံတစ်ဝန်း သီဆိုဖျော်ဖြေကပြကြမည့် သဘင်အဖွဲ့များက သဘင်ရာသီအတွက် ပွဲမိန့်များ လျှောက်ထားကြရမှာဖြစ်ပါတယ်။ အဆိုပါသဘင်တည်ထောင်ခွင့်များအား လာရောက်လျှောက်ထားကြရန် သဘင် လောကသားများကို မြန်မာနိုင်ငံသဘင်အစည်းအရုံးမှ အသိပေးထားရှိပြီး သဘင်တည်ထောင်ခွင့်ကို အောက်တိုဘာ လကုန်အထိ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ပွဲမိန့်ရရှိရန် သဘင်တည်ထောင်ခွင့်လျှောက်ထားရာတွင် ဇာတ်၊ အငြိမ့်၊ ဆိုင်း၊ ချားရဟတ်၊ ဆပ်ကပ်၊ မျက်လှည့်၊ ပဒေသာ၊ ဘိသိက်၊ ခုတင်ထိုးအငြိမ့်၊ ဗြော၊ အိုးစည်၊ ဒိုးပတ်၊ စည်တော်၊ ဆင်အက၊ ရုပ်သေး၊ ဧယင်ကျူး၊ ခါးဖြတ်ဆိုင်း၊ တေးဂီတအဖွဲ့၊ နတ်ဒေဝါအဖွဲ့နှင့် လူရွှင်တော်အဖွဲ့များလည်း အကျုံးဝင်ကြောင်း သိရပါတယ်။ (NVS-004)