“ဆီးရီးယားနှင့်အစ္စရေးတို့က လုံခြုံရေးနှင့်ပတ်သက်၍ တိုက်ရိုက်ဆွေးနွေးမှုများလုပ်ဆောင်”
28 May
ဆီးရီးယားနှင့်အစ္စရေးအစိုးရတို့က နှစ်နိုင်ငံကြားရှိ လုံခြုံရေးကိစ္စရပ်များ၊ နယ်စပ်ဒေသတွင် ပဋိပက္ခဖြစ်ပွားမှု များကို ကာကွယ်ရေးနှင့်တင်းမာမှုများ လျော့ကျစေရေးတို့အတွက် မျက်နှာချင်းဆိုင်တိုက်ရိုက် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း ထိုကိစ္စနှင့်ပတ်သက်၍ သိရှိသူများက ပြောထားသည်။ ထိုကဲ့သို့ နှစ်နိုင်ငံကြား တိုက်ရိုက် ဆွေးနွေးမှုများလုပ်ဆောင်လာခြင်းသည် ဆယ်စုနှစ်များစွာအတွင်း အရှေ့အလယ်ပိုင်းဒေသ၌ ဖြစ်ပွားနေသော ပဋိပက္ခနိုင်ငံများကြား ဆက်ဆံရေးတိုးတက်လာမှုကို ဖော်ညွှန်းပြသနေသည်။ လက်ရှိတွင် အမေရိကန်ကလည်း အစ္စရေးနှင့်ဆက်ဆံရေး တည်ဆောက်နိုင်ရေးအတွက် ဆီးရီးယားအစိုးရကို ထောက်ခံအားပေးကာ ဆီးရီးယားအပေါ် ဗုံးကြဲမှုများလျှော့ချလုပ်ဆောင်လာနေသည့် အစ္စရေးအစိုးရ၏ လုပ်ဆောင် ချက်ကိုလည်း ထောက်ခံထားသည်။ ယခုတိုက်ရိုက်ဆွေးနွေးမှုတွင် ဆီးရီးယားဘက်မှ အဆင့်မြင့်လုံခြုံရေး တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကူနီထရာပြည်နယ်အုပ်ချုပ်ရေးမှူး အာမတ်အယ်ဒါလာတီ ဦးဆောင်လျက်ရှိသော်လည်း အစ္စရေးဘက်မှမည်သူ က ဦးဆောင်နေသည်ကို သတင်းအရင်းအမြစ်များက ပြောထားခြင်းမရှိပေ။ အထူးသဖြင့် ဆီးရီးယားနှင့်အစ္စရေးတို့သည် ဂိုလန်ကုန်းမြင့်ဒေသအရေးနှင့်ပတ်သက်၍ တင်းမာမှုများ ဖြစ်ပွားနေခြင်း ဖြစ်သည်။ အဆိုပါ ဂိုလန်ကုန်းမြင့်ဒေသကို အစ္စရေးဘက်က သိမ်းပိုက်ထားခြင်းဖြစ်သည့်အပြင် ဆီးရီးယားအပေါ် ဗုံးကြဲ တိုက်ခိုက် မှုများ မကြာခဏလုပ်ဆောင်လျက်ရှိကြောင်း၊ ပြီးခဲ့သည့် သီတင်းပတ်ကျမှသာ ထိုတိုက်ခိုက်မှုများကို လျှော့ချလိုက်ခြင်းဖြစ်ကြောင်း TST သတင်းဌာနဖော်ပြချက်အရ သိရသည်။