"တစ်ပတ်အတွင်း ကိုဗစ်လူနာသစ် ၆ ဦး ထပ်မံတွေ့ရှိ"
28 May
ကျန်းမာရေးဝန်ကြီးဌာနရဲ့ မေလ ၂၇ ရက် မနက် ၈ နာရီ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့မေလ ၁၈ ရက်ကနေ ၂၅ ရက်အထိ တစ်ပတ်အတွင်း ကိုဗစ်အတည်ပြုလူနာသစ် ၆ ယောက် ထပ်မံတွေ့ရှိခဲ့ရကြောင်း သိရပါတယ်။ တစ်ပတ်အတွင်း ဓာတ်ခွဲနမူနာ ၂,၇၅၄ ခုကို စစ်ဆေးခဲ့တာဖြစ်ပြီး ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းက ၀ ဒသမ ၂၂ ရာခိုင်နှုန်းနဲ့ သေဆုံးသူမရှိဘူးလို့ သိရပါတယ်။ အခုတွေ့ရှိတဲ့ ကိုဗစ်လူနာသစ် ၆ ယောက်စလုံးမှာ ရန်ကုန်တိုင်း ဒေသကြီးမှဖြစ်ပြီး ဒဂုံမြို့နယ်က ၂ ယောက်၊ အင်းစိန်မြို့နယ်က ၁ ယောက်၊ သာကေတမြို့နယ်က ၁ ယောက်၊ ကော့မှူးမြို့နယ်က ၁ ယောက်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်က ၁ ယောက်ဖြစ်တယ်လို့ သိရပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ကိုဗစ်ကူးစက်မှုတွေ ပြန်လည်မြင့်တက်လာသလို မြန်မာနိုင်ငံမှာလည်း အခုမေလကစလို့ ကိုဗစ် အတည်ပြုလူနာတွေ ပြန်လည်တွေ့ရှိလာရပါတယ်။ လက်ရှိအချိန်မှာဒေသတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အနည်းငယ်မြင့်တက်လာပေမဲ့ အခုဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ အိုမီခရွန် ဗီဇပြောင်းမျိုးကွဲတွေဟာ XBB နဲ့ JN.1တို့က မျိုးဗီဇပြောင်းလာတဲ့ ရောဂါပိုးတွေဖြစ်ပြီး ရောဂါပိုမိုပြင်းထန်မှုနဲ့ ပိုမိုသေဆုံးမှုမရှိဘူးလို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း က မေလ ၂၃ ရက်မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောကြားထားပါတယ်။ လက်ရှိထိုးနှံပေးနေတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတွေ ထိုးနှံခြင်းဖြင့် ရောဂါပြင်းထန်နိုင်ခြေနဲ့ သေဆုံးနိုင် ခြေကို ထိရောက်စွာ လျှော့ချနိုင်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။ (NVS 004)