“မိုးရာသီအတွင်းပေါက်ပွားသည့် မှိုဆိပ်အန္တရာယ်နှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနသတိပေး”

28 May

မိုးရာသီကာလမှာ သစ်တောများနှင့်သစ်ပင်များပေါက်ရောက်ရာပတ်ဝန်းကျင်များတွင် မှိုအမျိုးမျိုးကြီးထွား ပေါက်ပွားမှုများပြားလေ့ရှိရာ မှိုဆိပ်အန္တရာယ်နှင့်ပတ်သက်ပြီးသတိပြုကြရန် ကျန်းမာရေးဝန်ကြီးဌာနမှ တိုက်တွန်း နှိုးဆော်ထားပါတယ်။ အဆိုပါမှိုများတွင် အန္တရာယ်ကင်းစွာစားသုံးနိုင်သော မှိုအမျိုးအစားများရှိပြီး အဆိပ်ရှိမှိုများစွာလည်းရှိရာ အဆိပ်ရှိမှိုများအနက်အချို့မှိုများက ပြင်းထန်စွာအဆိပ်သင့်စေ၍ အသက်ဆုံးရှုံးစေသည်အထိ ဖြစ်နိုင်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။ မှိုဆိပ်သင့်လက္ခဏာများအနေနဲ့ မှိုစားပြီး မိနစ် ၂၀ မှ ၄ နာရီအတွင်း မူးဝေခြင်း၊ အော့အန်ခြင်း၊ ဗိုက်အောင့် ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်းတို့ ဖြစ်ပွားနိုင်ပြီး ပြင်းထန်ပါက အသက်ဆုံးရှုံးနိုင်သည့်အပြင် ဦးနှောက်နှင့် အာရုံကြော ထိခိုက်ပြီး စိတ်အာရုံခြောက်ခြားခြင်း၊ အလွန်အမင်းနိုးကြားလာခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့ ဖြစ်စေနိုင်တယ်လို့ သတိပေးထားပါတယ်။ ထို့အတူ အဆိပ်သင့်မှုလက္ခဏာနှင့် ပြင်းထန်မှုအတိုင်းအတာသည် မှိုအမျိုးအစား၊ ပါဝင်သောအဆိပ်(ဥပမာ- Cyclopeptides, Gyromitrin, Orellanine, Muscarine စသည်)ပမာဏ၊ စားသုံးမိသောသူ၏ အသက်အရွယ်၊ ကိုယ်ခံစွမ်းအားတို့အပေါ် မူတည်ပြီး သက်ကြီးဘိုးဘွားများနှင့် ရောဂါအခံရှိသူများတွင် မှိုဆိပ်သင့်ပါက ပိုမိုပြင်းထန် စွာခံစားရနိုင်သည်ဟုလည်း သတိပေးထားပါတယ်။ ဒါကြောင့် မှိုဆိပ်သင့်လက္ခဏာများခံစားရပါက အချိန်မီ ဆေးကုသမှုခံယူရန်လိုအပ်ပြီး နီးစပ်ရာဆေးရုံ/ကျန်းမာရေးဌာနများသို့ ချက်ချင်းပို့ဆောင်ကာ ဆေးကုသမှုခံယူရမည် ဖြစ်ပါတယ်။ မိမိမသိသော/မစားဖူးသော မှိုမျိုးကိုမစားသုံးခြင်းက အကောင်းဆုံးသောကာကွယ်နည်းဖြစ်ရာ အဆိပ်ရှိ သည်ဟု သံသယဖြစ်ဖွယ်မှိုများ၊ သေချာမသိသော၊ မစားဖူးသောမှိုများကို စားသုံးခြင်းလုံးဝမပြုကြရန် ကျန်းမာရေး ဝန်ကြီးဌာနက သတိပေးထားပါတယ်။ (NVS 004)

28 May

ADVERTISE HERE .